လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း..

Sunday, September 8, 2013

မှုန်ပြာပြယ်လွင့် အားမာန်ဝင့်



Uင်ပန်းမှုနှင့် ပျော်ရွှင်မှုတို့ပေါင်းစပ်ထားသော ကာလတစ်ခုကို ပြပါဆိုပါက ကျွန်တော်တို့၏
first yearတပ်ပြင်လေ့ကျင့်ခန်း(Out door)ကာလကို လက်ညိုးထိုးပြရပေလိမ့်မည်..။ တပ်စိပ်တိုက်စစ် လေ့ကျင့်ခန်းများလုပ်ရ၍ ပင်ပန်းသည် မှန်သော်လည်း.. တစ်နှစ်နေမှ ခုနှစ်ရက်လောက်သာ စီနီများနှင့် ကင်းလွတ်ခွင့်ရသော ဤ Out door ကာလသည်
ကျွန်တော်တို့ first year များအတွက် ရွှေထက်ပင်တန်ဖိုးရှိတာ အမှန်ပါ...။
    လူမနီးသူမနီး၊ရွာများနှင့်မနီး ကျောင်းတော်ကြီးနှင့်ဝေးရာ တောထဲ ရောက်နေသည်ဖြစ်၍
လည်း ကျောင်းတော်ကြီးမှာလိုမနက်ငါးနာရီ အိပ်ယာထစရာမလို၊ ငါးနာရီခွဲ PT ဆင်းစရာမလို၊ အဆောင်စစ်လုပ်စရာမလို....။သို့သော် ပင်ပန်းမှုတွင်ကား.. ကျောင်းတော်မှာထက်
 နှစ်ဆမျှရှိသည်..။


လက်တွေ့စစ်မြေပြင် လေ့ကျင့်ခန်းများ
ဖြစ်သဖြင့်လည်း ဗိုလ်လောင်းအားလုံးမှာ ဖုံတွေ ရွှံ့တွေ ဗရပွနှင့် ဖြစ်သည်..။ သို့သော် ပျော်ကြပါသည်..။
ကိုယ်တိုင် ချက်ပြုတ်၊ထင်းရှာ ရေခပ်လုပ်ကြရသည်ကို ဘာကြောင့်ရယ် မသိ၊ ပျော်နေမိကြသည်သာ....။
မခါမှ မလုပ်ဖူးပါပဲလျက် မလုပ်တတ် လုပ်တတ် လုပ်ကြရသည်ကို ပျော်နေကြခြင်းဖြစ်ဟန်တူပါသည်..။
မနက်ခုနှစ်နာရီကတည်းက ကိုယ်စီလေ့ကျင့်ခဲ့ရသော တပ်စိတ်တိုက်စစ် သင်ခန်းစာများသည် ညနေ လေးနာရီ
ထိုးမှသာပြီးဆုံးခြင်းသို့ ရောက်လေတော့သည်....။ ထိုအခါမှ စားသောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် အလုပ်
များကြတော့သည်..။
    "မြင့်သူဟိန်း... မင်းနဲ့ ရဲရင့်ဝင်းက ထင်းသွားရှာလိုက်ပါလား.... ပြည့်စုံဝင်းတို့ကတော့ တဲမှာပဲ ထမင်းချက်
ထားလိုက်ကြပေါ့... ငါနဲ့ ဘိုဘိုအောင်က ရေသွားခပ်ကြမယ်... အဆင်ပြေတယ်မလား..."
    တဲတစ်တဲတည်း နေရသူများဖြစ်သည့်အလျောက် စားသောက်ဖို့ကိစ္စအတွက် ကိုယ်စီတာဝန်ခွဲနေကြခြင်း
ဖြစ်သည်...။
    "ရပါတယ်... ဒါနဲ့ ဟင်းက ဘာချက်ရမှာ တုန်း... ချက်စရာရှိတော့ဘူး....."
    "အာ... မနေ့က CQ တွေ ခွဲတမ်းပေးလိုက်တဲ့ ရိက္ခာစို ကြက်သား ရတယ်မလား.. အဲဒါချက်ပေါ့..." 
    "အဲဒီကြက်က CQ ထွန်းလင်းအောင်နဲ့ငါနဲ့ အဝေမတည့်လုကြရင်းက ငါ့လက်ထဲ ပေါင်တစ်ချောင်းပဲပြုတ်ပါ
လာတာဟ.. ချက်ရင်လောက်မှာ.. မဟုတ်ဘူး.... "
    ကိုင်း..ကောင်းရော...။ ချက်ပြုတ်ဖို့တာဝန်ကျသူ ပြည့်စုံဝင်း၏ စကားကြောင့် ကျွန်တော်လက်လန်သွားသည်..။
    "အဲဒါဆိုလည်း.... ရှိန်းပိုင်ချစ်တို့ မနေ့က ထင်းရှာရင်းတွေ့လို ခူးလာခဲ့တဲ့ သင်္ဘောသီးနဲ့ ရောလိုက်ကွာ...."
    "အေး..အေး..ပြီးရော... "
    သင်္ဘောသီးနှင့်ကြက်သား ရောပြီးချက်တယ်လို့ တခါမျှ မကြားဖူး..၊စားလည်း မစားဖူး..၊ သို့သော် ကျွန်တော်တို့
အတွက်ကိစ္စမရှိ..၊ ဟင်းတစ်ခွက်ဖြစ်ဖို့သာ အရေးကြီးပေသည်..။ ပလတ်စတစ်ရေပုံးကိုဆွဲပြီး ရေခပ်ရန်ထွက်လာ
ခဲ့သည့်... ကျွန်တော်နှင့် ဘိုဘိုအောင်တို့ နှစ်ယောက် အချိန်အတန်ကြာအောင်တောတိုးခဲ့ကြသော်လည်း.. ရေဆို
လို့ အရိပ်ယောင်ပင်မမြင်ရသေး...၊ဗိုလ်လောင်းများ၏ ရေကိစ္စအဆင်ပြေစေရန် နည်းပြဗိုလ်ကြီးများက ရွာသားများ
အကူအညီနှင့် ရေခပ်ရန်နေရာလေးတစ်ခုကို ဝါးရေတံလျောက်များဖြင့် အခိုင်အမာ ပြုလုပ်ပေးထားသော်လည်း...
ထိုနေရာတွင်ဗိုလ်လောင်းများ ပြည့်ကြပ်နေသဖြင့် ကိုယ့်ဖာသာရေရှာရန် ထွက်လာခဲ့ကြခြင်းဖြစ်သည်..။ 
    ဟော..... တွေ့ပါလေပြီ..၊ နံရံသဖွယ် ကျောက်တုံးများကြားမှ ရေစိမ့်ထွက်နေသော နေရာလေးတစ်ခု...။
ခြုံများ ကိုင်းပင်များကိုမြန်မြန်တိုးကာ ရေထွက်သည့် ကျောက်တုံးကြားသို့ ပလတ်စတစ်ပုံးအား
ခံထားလိုက်သည်...။သို့သော် ပုံးကကြီးနေသဖြင့်... ရေခံထားဖို့ရာ အဆင်မပြေပါချေ...။
    "ဟို..ဝါးရုံကနေ ဝါးရွက်ကြီးကြီးတစ်ရွက်လောက်သွားချိုးလိုက်ကွာ...."
    ဘိုဘိုအောင်၏ အကြံအတိုင်း ဝါးရွက်ခူးပြီး ကျောက်တုံးကြားနှင့် ပုံးအဝကို ရေတံလျောက်သဖွယ် တပ်ထား
ပေးမှသာအဆင်ပြေလေတော့သည်...။ ဖတ်ဖူးသော တောတွင်းစွန့်စားခန်းဝတ္ထုများထဲမှ မုဆိုးကြီးများ.
.တောတွင်းမှာ ဖြစ်သလိုအဆင်ပြေအောင်နေထိုင်ကြပုံများကို  သတိရမိကာ... ကိုယ့်ကိုယ်ကို အဟုတ်ကြီး
ထင်မိ သလိုလို......။

             +++++++++++++++++++++++++++++++++++++++

    "ရဲရင့်ဝင်းက နောင်တစ်ချိန်မှာ နိုင်ငံအကျိုးပြု စစ်ဗိုလ်ကြီးတစ်ယောက် ဖြစ်မဖြစ်တော့ မပြောတတ်ဘူး....၊
ခုချိန်မှာတော့သူ့ရဲ့ အသုံးအဆောင်ပစ္စည်းက ငါတို့တဲရဲ့ စားရေးသောက်ရေးအတွက် အကျိုးပြုနေတယ်...။"
    ရေမိုးချိုး၊ချက်ပြုတ်ပြီးနောက် တဲထဲတွင် ဟန်းကောများဖွင့်ကာ အားလုံးအတူတူစုပြီး ထမင်းစားနေစဉ်
ပြည့်စုံဝင်းကပြောလိုက်ခြင်းဖြစ်သည်...။ Out door ကာလတွင် တပ်ခွဲလိုက် တဲများနေရာချထားမှုကို နည်းပြ
ဗိုလ်ကြီးများ၏အမိန့်အတိုင်းတည်ဆောက်ထားရလေရာ....ကျွန်တော်တို့ တပ်ခွဲ အပါအဝင် လေးငါးခွဲလောက်မှာ
ကံဆိုးမိုးမှောင်ကျစွာပင်... သင်္ချိုင်းကုန်းကြီးတစ်ခုအနားတွင် နေရာကျလေသည်...။သို့သော် ဗိုလ်လောင်း
များသည်... တစ်ယောက်မှ ကြောက်တတ်ကြပုံလည်း မပေါ်ပါ...၊တချို့ဆိုလျှင် တဲထဲမှာ အိုက်သည်ဟု ဆိုကာ အုတ်ဂူများအပေါ်မှာတောင် စောင်ခြုံပြီးတက်ကွေးတတ်ကြသေးသည်...။
ဗိုလ်လောင်းနှင့်သာဆိုပါက သရဲများပင် လန့်ပြီးပြေးရမည့်ကိန်းပင်....။
    "ဘာဖြစ်လို့လဲကွ...."
    ကျွန်တော်မှနေ၍် ပြည့်စုံဝင်း၏ စကားကို ထောက်လိုက်သည်...........။ပြည့်စုံဝင်းက ဟန်းကောထဲမှ
  သီးစုံရောနှောထားသောဟင်းချိုကိုရွှတ်ခနဲ ခပ်သောက်လိုက်ပြီး...
    "ဒီလိုလေကွာ... ညနေက ထမင်းချက်နေရင်း ထင်းကုန်သွားလို့ ဒီကောင့်ရဲ့ သားရေဖိနပ်တစ်ဖက်ကို
ထင်းလုပ်ပြီးချက်တာ..ထမင်းရောဟင်းရောအကျက်ပဲ....."
    "အဟွတ်..ဟွတ်.."
    ပြည့်စုံဝင်း၏ စကားကြောင့် ကျွန်တော် ထမင်းမသီးသွားအောင် မနည်းထိန်းလိုက်ရသည်....။ ဝေါကနဲ
ထွက်လာသော ရယ်သံကြီးမှာလည်းပတ်တုပ်လို့တောင်မရ......။
    "များနေပြီ... ဒါကြောင့် ညနေက ရေချိုးဖို့ ဖိနပ်၇ှာတော့ ဖိနပ်တစ်ဖက် မတွေ့တာကိုး.....၊ ထင်းကုန်
ရအောင် ထင်းရှာတဲ့ အဖွဲ့ကမရှာဘူးလား.."
    ထိုအခါ ထင်းရှာ တာဝန်ယူထားသည့်...မြင့်သူဟိန်းက...
    "ရှာပါတယ်ကွ.... ဟိုမှာလေ.. ငါတို့ရှာထားတဲ့ ထင်း.."
    မြင့်သူဟိန်း ညွှန်ပြရာ တဲအပြင်ဘက်သို့ ကြည့်လိုက်ရာ ကျွန်တော့် တစ်ကိုယ်လုံး ကြက်သီးထသွား
မိသည်....။ ဘုရား...ဘုရား....လက်ဝါးကတ်တိုင်ကြီးပါလား.......။
    "ဟေ့ရောင်.... မင်းဟာက လက်ဝါးကတ်တိုင်ကြီးပဲဟ... ဘာလို့ထင်းခြောက်မကောက်ဘဲ ဒါကြီင်္း
ယူလာတာလဲ"
    "ထင်းတွေက မရှိတော့ဘူးဟ... ရှာရတအားခက်တာ .. ဒါနဲ့ လွယ်လွယ်ရတဲ့ ဒါကိုပဲ နုတ်လာခဲ့တာ...."
    ဟုတ်ပါသည်....၊ ကျွန်တော်တို့ ရောက်ခါစက ဤအနီးနား တဝိုက်တွင် ထင်းခြောက်များပေါလွန်း
လှသော်လည်း... ထင်းရှာသူများလှသဖြင့်ထင်းခြောက်များ သိပ်မရှိတော့....။
     "ဒါဆိုလည်းကွာ... လက်ဝါးကတ်တိုင် အသေးလေးတွေ ရှိသားပဲကို... အဲဒါတွေနုတ်ပါလား... ခုဟာက
အကျအနလုပ်ထားတဲ့ ဟာကြီး..."
    "ငါတို့လည်း အသေးတွေပဲ နုတ်မလို့ပါကွာ... ဒါပေမယ့် ဘယ်ကောင်တွေနုတ်သွားကြပြီလဲ မသိဘူး..
တစ်ခုမှ မ၇ှိတော့ဘူး... ဒါနဲ့ဘယ်သူမှ မနုတ်ဘဲကျန်နေခဲ့တဲ့ ဒီဟာကြီးကိုပဲ... မရရအောင် ခြေကန်ပြီး
နုတ်လာခဲ့တာ....။
    ဗုဒ္ဂေ္ဓါ.......၊ မြင့်သူဟိန်း၏ စကားအဆုံးမှာ ကျွန်တော် ဘာမှ မပြောနိုင်တော့.... ။

         +++++++++++++++++++++++++++++++++++++++++++

    "ရွှီ............................ ငါတို့တပ်ခွဲက တဲတွေ.. ညနေစာ ရိက္ခာ ထုတ်မယ်...."
    ကျွန်တော်နှင့် ဘိုဘိုအောင်မှာ ဒီနေ့အဖို့ ချက်ပြုတ်ရေး တာဝန်ကျသည်...။ နှစ်ယောက်သား ဟန်းကော
များနှင့် ထမင်းအိုးတည်နေရာမှကျွန်တော်တို့တပ်ခွဲ CQ ထွန်းလင်းအောင်၏ ခရာသံကို ကြားလိုက်ရခြင်း
ဖြစ်သည်...။
    "ငါသွားထုတ်လိုက်မယ်... မင်း ထမင်းအိုးဆက်ကြည့်ထားလိုက်..."
    ဘိုဘိုအောင်က ပြောပြောဆိုဆို ဟန်းကော အလွတ် တစ်လုံးကိုယူကာ ထွက်သွားသည်...။ ထမင်းအိုးကို
မီးထိုင်ထိုးနေ၇င်းမှ ကျွန်တော်ဟိုအကြောင်း
ဒီအကြောင်းတွေးနေမိသည်..။ မီးဖိုထဲမှာလည်း... မီးလောင်တာ မှန်သမျှ ထည့်ထားသည်ဖြစ်ရာ သစ်ရွက်
ခြောက်တွေရော...၊ပလတ်စတစ်တွေရော..၊စက္ကူစတွေရောအစုံပင်....၊ ကြံကြံဖန်ဖန် သားရေဖိနပ်ကို
မီးထည့်စိုက်သော ပြည့်စုံဝင်းအကြောင်းကို ပြန်စဉ်းစားမိကာ ရယ်ချင်လာသည်...။
    ထိုစဉ်... CQ တဲဘက်မှ ဆူဆူညံညံ အသံများကြားလိုက်ရသဖြင့် ထကြည့်မိရာ တပ်ခွဲ CQ ထွန်းလင်း
အောင်နှင့် ဘိုဘိုအောင်တို့ လုံးထွေးသတ်ပုတ်နေကြသည်ကို တွေ့ရသည်...။ ကျွန်တော် အပြေးအလွှား
သွားမိလေသည်....။
        "ဟေ့ကောင်တွေ... ဘာဖြစ်ကြတာလဲဟ.. အချင်းချင်းတွေ မလုပ်ကြပါနဲ့..."
    တပ်ခွဲမှ တခြားသူငယ်ချင်းများလည်း အပြေးအလွှားရောက်လာကြကာ သူတို့နှစ်ယောက်ကို ဝိုင်းဝန်း
ဖျန်ဖြေ ပေးကြသည်...။
    "မင်းတို့ကလည်းကွာ.. အင်တိတ်တူချင်းတွေ ရန်မဖြစ်ပါနဲ့... အေးအေးဆေးဆေးပြောမှပေါ့..
ဘာဖြစ်ကြတာလဲ.."
    တပ်ခွဲ Duty Cadet ကျော်ခိုင်က မေးလိုက်သည်.....။ဘိုဘိုအောင်က သူ့ကိုယ်မှာ ကပ်နေသော
ဖုံများအား ပုတ်ခါထုတ်လိုက်ပြီး...
    "ဒီလိုကွာ.... ငါတို့ရတဲ့ ရိက္ခာ ငါးကြော်တုံးက နည်းလို့ အဝေတည့်အောင် စတော့ပ်ဝက်နှိပ်ပြီး
ခွဲယူကြတာ....."
              "ဟေ................."
               ဘိုဘိုအောင် စကားကြောင့် အားလုံးမျက်လုံးပြူးသွားကြသည်...။
    "အဲလို စတော့ပ်ဝက်နှိပ်တော့ သူက ခုနှစ်၊ ငါက ရှစ်ရလို့ ငါးကြော်တုံးတွေကို ယူမယ်လုပ်တော့
  ဒီကောင်က မပေးနိုင်ဘူးတဲ့.. ဒါနဲ့ငါလည်း သည်းမခံနိုင်ပဲချတာ.."
    "ဟ... မင်းဟာက ရှစ်မှ မဟုတ်တာပဲကွ... ဘူကြီးပဲဟာ...၊ ငါ့ဒစ်ဂျစ်တယ် နာရီက ဓာတ်ခဲ
အားနည်းနေလို့ အလယ်ကအချောင်းကပေါ်သလို ပျောက်သလို ဖြစ်နေတာကို"
    "အဲဒါဆိုလည်း... အစကတည်းက ပြောပါလား... နှိပ်ပြီးမှတော့ ဓာတ်ခဲအားနည်းတယ်
အကြောင်းပြလို့ ရမလား... သက်သက်လူပါးဝတာ.."
    " လူပါးဝတာက မင်းကွ......"
    "ကဲ..ကဲ... တော်ကြပါတော့ကွာ.... ဒီငါးကြော်လေး မစားရလို့လည်း ငါတို့တွေ ဘာမှ
မဖြစ်သွားပါဘူး... အချင်းချင်းတွေ ရန်မဖြစ်ကြစမ်းပါနဲ့.. ရန်ဖြစ်တာ ဘယ်လောက်ထိ  အပြစ်
ကြီးလဲ မင်းတို့လည်း အသိပဲ ဟာကို...."
    Duty cadet ကျော်ခိုင်၏ စကားအဆုံးတွင် နှစ်ယောက်သား ငြိမ်သွားကြတော့ သည်....။ သြော်....
. ဖြစ်တတ်လွန်းလှတဲ့ Out Door ကာလ....၊ငါးကြော်တုံးကိုတောင်
စတော့ပ်ဝက် နှိပ်ပြီး ယူကြတယ်တဲ့...။ ကြည့်လိုက်တော့.. ငါးကြော်တုံးတွေက သူတို့နှစ်ဦး
လုံးထွေးသတ်ပုတ်ထားတဲ့ ဒဏ်ကြောင့် မြေပြင်မှာစိစိညက်ညက် ကြေလျက်...။

    ++++++++++++++++++++++++++++++++++++++++++++++

    "တပ်စိတ်နားထောင်.............၊ ငါတပ်စိတ် တိုက်စစ်နှုတ်မိန့်ပေးမယ်....၊ ရှေ့ကိုက်တစ်ရာ အလံနီ
တောင်ကုန်း.. ရန်သူအဖွဲ့ တို့ကို ပစ်နေတယ်... ဒီရန်သူကိုအပြီးတိုင်ချေမှုန်းတိုက်ခိုက်မယ်....၊ မြေပြင်
အခြေအနေအရ ရှေ့တည့်တည့်က တိုက်မယ်....၊......................................"
    တပ်စိတ်မှုး ကျော်ခိုင်မှ မုဆိုးဒူးထောက်ထိုင်ကာ.. တပ်စိတ် နှုတ်မိန့်ပေးနေခြင်းဖြစ်သည်...။ လူပုံစံ
က ဟန်ပါသော်လည်း ကျက်ထားသည့်စာသားက မေ့နေသဖြင့်ထစ်သွားလိုက်၊ ပြတ်တောင်းပြတ်တောင်း
ဖြစ်သွားလိုက်ဖြစ်နေသည်...။
    ကျွန်တော်တို့ တပ်စိတ် တစ်စိတ်လုံးမှာ သူ၏အနားတွင် တပ်စိတ်ဖြန့်ခွဲပုံ အတိုင်း အသင့်နေရာယူကာ
တပ်စိတ်မှုးအမိန့်ကို နာခံနေသော ရဲဘော်များ သဖွယ်...နားထောင်နေကြရသည်...။ မနားထောင်လို့က
လည်းမရ... အနားတွင် နည်းပြဗိုလ်ကြီးမှ ကြိမ်လုံး တဝင့်ဝင့်ဖြင့် ရှိနေသည်ပဲ မဟုတ်ပါလား....။
    စက်အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ကျသော ကျွန်တော်... ကျော်ခိုင်ကို စိတ်တိုနေမိသည်....။
ကျွန်တော် မနက်ကတည်းက ဘာမှ မစားခဲ့ရသေး...၊ အိပ်ယာထနောက်ကျသဖြင့် မျက်နှာကပျာကရာ
သစ်ပြီး အီကွေးမင့်ကောက်လွယ်ကာ ဒီအတိုင်းထလာခဲ့ရခြင်းဖြစ်သည်...။ အီကွေးမင့်
ဘေးလွယ်အိတ်ထဲတွင် မနေ့က ကတည်းကထည့်ထားခဲ့သော အသားညှပ်ပေါင်မုန့်တစ်ခုရှိနေ
သော်လည်း အနားတွင် နည်းပြဗိုလ်ကြီးရှိနေသဖြင့်မလှုပ်ရှားရဲ...။ဗိုက်ထဲမှလည်း တကျုတ်ကျုတ်
မြည်နေလှပြီ...။ တကယ်ဆိုရင်ကျော်ခိုင်မှ တိုက်စစ်နှုတ်မိန့်ကို မြန်မြန်ပေးပြီး"စက်အဖွဲ့..ထွက် "လို့
ပြောလိုက်ရင် ပြီးပြီ..။
    တကယ့်စစ်မြေပြင်တွင် စက်အဖွဲ့ဆိုသည်မှာ မိမိအဖွဲ့ရှေ့သို့ ချီတက်နိုင်ရေးအတွက် ရန်သူကို
ကာပစ် ပစ်ပေးရ၍ ပင်ပန်းသည် မှန်သော်လည်း..ယခုလို လေ့ကျင့်စဉ်
ကာလမှာတော့ ကျွန်တော်တို့ စက်အဖွဲ့သည် တကယ်ပင်သက်သာလွန်းလှသည်...။ ကျန်သူများ
အားလုံး ဘောင်း(Bound) တစ်ခုမှ တစ်ခုသို့လက်ထောက်ဒူးထောက်၊ လက်ထောက်ဒူးလှဲ၊ လက်လှဲဒူးလှဲ၊
ကျားသစ်ချောင်း စသည့် စစ်မြေပြင်ချီတက်နည်းများဖြင့် တပင်တပန်းချီတက်နေချိန်တွင် ကျွန်တော်တို့
စက်အဖွဲ့သုံးယောက်မှာ ကြိုတင်ဖောက်လုပ်ပေးထားသောဖြတ်လမ်းမှ  ချေမှုန်းရေးမျဉ်းသို့ ကြိုတင်
သွားကာ ဖုံအလိမ်းလိမ်းနှင့်ရောက်လာမည့် ဒီကောင်တွေကို ထိုင်စောင့်ရုံပင်...။ သူတို့က  တွားသွား
ချီတက်နေရတာဖြစ်သဖြင့် အချိန်အတော်ကြာနောက်ကျပြီးမှသာ ရောက်လာမည်ဖြစ်သည်..။
    စက်အဖွဲ့ထွက်ပြီးသည်နှင့် ချေမှုန်းရေးမျဉ်းသို့ မြန်မြန်သွားကာ နောက်မှ ကောင်တွေကို စောင့်ရင်း
အသားညှပ်ပေါင်မုန့်နှင့် ဗိုက်ဖြည့်မည်ဟုစဉ်းစားထားသော ကျွန်တော်မှာနှုတ်မိန့်ကို သေချာမရဘဲ
ထစ်သွားလိုက်၊ ပြတ်တောင်းပြတ်တောင်းဖြစ်သွားလိုက် ၊အစမှပြန်ဆိုလိုက်လုပ်နေသော
ကျော်ခိုင်ကြောင့် ကျွဲမြီးတိုနေမိတာ အမှန်.....။
    ကျွန်တော် စိတ်ပိန်နေဆဲမှာပင် " စက်အဖွဲ့..ထွက်"ဟူသော အသံကိုကြားလိုက်ရရာ... အားရ
ဝမ်းသာဖြင့် "အေး.. ထွက်ပြီဟေ့.."ဟုအော်လိုက်ကာနေရာယူထားသော နေရာမှ
အလျင်အမြန်ထရပ်ကာ ဆက်သွယ်ရေးလမ်းကြောင်းသို့ ပြေးရန်ဟန်ပြင်လိုက်သည်....။
    "လာပါဦး....လာပါဦး.... ထွက်ပြီဟေ့ဆိုတဲ့ ဗိုလ်လောင်း လာပါဦး.."
    သွားပြီ.......၊ဗိုက်ဆာသည့်စိတ်နှင့် ဘာကိုမှ သတိမထားမိဘဲ အားရဝမ်းသာ အော်လိုက်မိတာ.
. သွားလေပြီ...။ မအီမလည်ဖြင့်ပင်.. နည်းပြဗိုလ်ကြီး
ရှေ့သို့ သွားရပ်လိုက်သည်..။သူငယ်ချင်းများမှာ ကျွန်တော့်အဖြစ်ကိုကြည့်ပြီး.. ပြုံးစိစိ...။
    "တပ်စိတ်မှုးက စက်အဖွဲ့ ထွက်လို့ အမိန့်ပေးတဲ့ အခါမှာ မင်းက စက်အဖွဲ့ခေါင်းဆောင်
တစ်ယောက်အနေနဲ့ ဘယ်လို ထပ်ဆင့်အမိန့်ပေးရမှာလဲ.."
    "စက်(၁)ဘယ်၊ စက်(၂)ညာ ..စက်အဖွဲ့ ထွက်လို့ အမိန့်ပေးရမှာပါ ဗိုလ်ကြီး..."
    "အေး... ဒါဆိုဘာလို့ ထွက်ပြီဟေ့ လို့အော်တာလဲ.."
    "ဟို..ဟို... ကျွန်တော် အမြန်သွားချင်ဇောနဲ့ အော်လိုက်မိတာပါ ဗိုလ်ကြီး....."
    ကျွန်တော့် စကားအဆုံးမှာ ဗိုလ်ကြီး မျက်လုံးပြူးသွားသည်...။
    "ကောင်းရောကွာ... ဒီလောက် မြန်မြန်သွားချင်နေတဲ့ကောင် ..လက်ထောက်မှောက်လေး
ငါးဆယ်လောက် အားပေးလိုက်ပါဦး..."
    သေပါလေရော....။ ဗိုက်ဆာနေရသည့် အထဲ လက်ထောက်မှောက်ချရမည်ဆိုတော့
ကျွန်တော့်မျက်နှာ ရှုံ့မဲ့သွားချက်မှာ 9 လောက်ရှိအံ့ထင်၏..။
သူငယ်ချင်းများအားလုံးမှာတဝါးဝါး တဟားဟား...၊ ဗိုလ်ကြီးမှာလည်း မျက်နှာကိုတည်ထား
ရသော်လည်း ရယ်ချင်နေမှန်း သိသာစွာပင်....၊ ကျွန်တော့်မှာတော့ မရယ်နိုင် မပြုံးနိုင်..
လက်မှကိုင်ထားသော G-3 သေနတ်ကိုမြေပြင်နှင့် ပုခုံးမှာ ထောက်လိုက်ပြီး.. လက်ထောက်
မှောက်(၅၀)ကို ရှိသမျှ အားလေး အစွမ်းကုန်ထုတ်သုံးရင်း..........................။

  ++++++++++++++++++++++++++++++++++++++++++++++++

    "ညနေတန်းဖြုတ်ရင် ကိုယ့်တဲဆီကိုယ် တန်းမပြန်ကြနဲ့.. တပ်ရင်းရုံးတဲရှေ့မှာ တန်းစီမယ်.
.... စာနဲ့ပါဆယ်တွေ ထုတ်ပေးဖို့ရှိမယ်..."
    လေ့ကျင်းခန်းများလုပ်နေကြစဉ် တပ်ရင်းမှုးဗိုလ်လောင်းမှ Hand speaker ဖြင့် လိုက်အော်
နေခြင်းဖြစ်သည်..။ ကျွန်တော်တို့အားလုံး ဗြုံးကနဲစိတ်ညစ်သလို ဖြစ်သွားသော်လည်း
ချက်ချင်းပင်ပျော်သွားကြသည်..။    စာတွေပါဆယ်တွေထုတ်ဖို့ တန်းစီမယ်ဆိုရင်တော့
ကြိုက်သလောက် စီပါစေ...။ဒါကလည်း ကိုယ့်စာ/ပါဆယ်ပါမှသာစောင့်ရကျိုးနပ်ပေလိမ့်မည်..။
ဤသို့ဖြင့်ပင်.. တန်းဖြုတ်ချိန်ရောက်သောအခါ တပ်ရင်းရုံးရှေ့သို့သွားပြီး တန်းစီကြသည်..။
တန်းအပ်ပြီးသောအခါနည်းပြဗိုလ်ကြီးမှ တန်းထိုင်ခိုင်းသဖြင့် ထိုင်လိုက်ကြသည်...။
    "လူစုံတယ်မလား... အခုနာမည်ဖတ်ပြတဲ့ ဗိုလ်လောင်းတွေ စာနဲ့ပါဆယ်တွေ လာယူမယ်
...ဟုတ်ပြီလား"
              "ဟုတ်....."
          ဗိုလ်လောင်းများ၏ ဖြေသံကြီးမှာ ဘဝဂ်ညံသွားမတတ်...။
              "ခွဲ(4) စိုးသာ"
    "ရှိ...."
    "ခွဲ(11) အောင်ပြည့်စုံဦး.."
    "ရှိ...."
    "ခွဲ(9) ဟန်ဇော်လင်း"
    "ရှိ............"
    နာမည် တစ်ယောက်ပြီးတစ်ယောက်ခေါ်ထုတ်နေသလို ဗိုလ်ကြီး အရှေ့မှ စာအိတ်အပုံကြီး
မှာလည်း တဖြည်းဖြည်းလျော့နည်းသွားသည်....။ဗိုလ်လောင်းများမှာ မိမိတို့နာမည် ပါမှ ပါပါ့
မလားဟုစိုးရိမ်ပူပန်နေကြသည်...။ စာအိတ် သုံးလေးခုသာ ကျန်တော့ လေသည်..။
    "ခွဲ.....(5) မုန်းမောင်မောင်.."
    "ရှိ............"
    ထွက်သွားသော ကျွန်တော့်အသံက အကျယ်ဆုံးဖြစ်မည်ထင်ပါသည်..။
    "ထွက်ပြီဟေ့လို့ မအော်တော့ဘူးလားကွ.."
    ဗိုလ်ကြီးက ကျွန်တော့်ကို လှမ်းကြည့်ပြီး သူအပြစ်ပေးခဲ့သည့် ဗိုလ်လောင်းမှန်းမှတ်မိသွား
ကာ ပြုံးစစနှင့် နောက်လိုက်သည်...။အားလုံးဝိုင်းရယ်ကြသလို ကျွန်တော်လည်း ပြုံးလိုက်မိ
သည်..။စာကိုလှမ်းယူကြည့်လိုက်သောအခါ အိမ်ကစာဟု သိလိုက်သည်...။ စာပါဆယ်
အားလုံးကြေညာပြီးသောအခါ တန်းဖြုတ်ပေးလိုက်သည်..။ စာပါဆယ်ရောက်သူများအားလုံး
ပျော်တပြုံးပြုံး..၊ ကျွန်တော့်အဖို့ပါဆယ်မလိုပါ....၊ စာရောက်လျှင်ပဲကျေနပ်လှပါပြီ...။
    ကြည့်ဖူးသော စစ်ကားများထဲမှ ရှေ့တန်းတွင်ရောက်နေတုန်း နောက်တန်းမှ ရောက်လာ
သည့် စာကိုဖတ်ရင်း အလွမ်းဖြေကြသော စစ်သားများအကြောင်းတွေးမိကာ ကိုယ့်ကိုယ်ကို
ရှေ့တန်းရောက်စစ်သားကြီးတစ်ယောက်ဟု ဘဝင်မြင့်ချင်သလိုလို........။

+++++++++++++++++++++++++++++++++++++++++++++++

 သို့ /
                 မောင်မောင်.. အဘနဲ့အမေ့ စာရေးလိုက်ပါတယ်....၊ မင်းနေကောင်းတယ်
မဟုတ်လား..၊ အဘနဲ့အမေ့လည်း နေကောင်းကြ
ပါတယ်....။ အခုဆိုရင် မင်းသင်တန်းတက်နေတာ ဘာလိုလိုနဲ့တစ်နှစ်တောင်ပြည့်တော့
မယ်နော်....၊ ကြိုးစားပေါ့ကွာ... ကိုယ်ဖြစ်ချင်တာကို ရွေးချယ်ခဲ့ပြီးမှတော့ နောက်မဆုတ်နဲ့.
.. ဘယ်လို အခက်အခဲရှိရှိ ဖြစ်အောင်သာလုပ်တော့...၊ ပိုက်ဆံတွေဘာတွေလည်း
အတတ်နိုင်ဆုံးချွေတာသုံး... ၊လိုရင်လည်း လှမ်းမှာလိုက်...၊ အခုတော့ မလိုအပ်လောက်
သေးဘူးထင်လို့ မထည့်ပေးလိုက်ဘူး.... ၊ ရတနာ
သုံးပါးကိုလည်းမမေ့နဲ့..၊ ညတိုင်းဘုရားရှိခိုးပြီးမှ အိပ်..၊စာကိုလည်း ကြိုးစား..၊ ပြီးခဲတဲ့
တစ်ခေါက်တုန်းက မင်းစာရေးခဲ့တာ "မကြာခင်တပ်ပြင်လေ့ကျင့်ခန်းတွေ ထွက်ရတော့မယ်"
ဆိုတာလည်း ဘယ်လိုလဲ...၊ထွက်နေရပြီလား...၊ တောထဲရောက်ရင်လည်းကျန်းမာရေးကို
ဂရုစိုက်..၊ မတည့်တာတွေလည်းလျှောက်စားမနေနဲ့ဦး... ကျန်းမာရေးကအရေးကြီးဆုံးပဲ..၊
မင်းတို့သင်တန်းက ပင်ပန်းတော့ကျန်းမာမှ ဘာမဆိုလိုက်လုပ်နိုင်မှာ...၊ အဘတို့ အိမ်သား
အားလုံးလည်း မင်းကို သတိရနေကြပါတယ်....။ ဘာကိုပဲလုပ်လုပ် သေချာစဉ်းစား
ဆုံးဖြတ်ပြီး၇င် အကောင်းဆုံးဖြစ်အောင်သာ လုပ်... ၊ဟုတ်ပြီလား...။ ဒီလောက်ပါပဲ.....
နောက်မှပဲ မင်းအတွက် စာအရှည်ကြီး ထပ်ရေး
လိုက်တော့မယ်...။
                                                              သားဖြစ်ချင်တဲ့ဆန္ဒတွေ အားလုံးပြည့်ဝပါစေ
                                                                                       အဘနဲ့ အမေ့

                 စာဖတ်ပြီးသောအခါ ကျွန်တော့်တကိုယ်လုံး နွမ်းလျသွားသည်...။ဆယ်တန်း
အောင်ပြီးတော့ DSA တက်ဖို့အတွက် ကျွန်တော့်ဖာသာ ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်....။
အိမ်ကတိုက်တွန်းမှုမပါ...။ သေချာစဉ်းစားဟုသာပြောခဲ့ပြီး လိုအပ်သည့်
အထောက်အပံ့ အကူအညီများကိုသာ ပေးခဲ့သည်...။  ယခုဆိုလျှင် ဘာလိုလိုနှင့် တစ်နှစ်ပင်
ပြည့်တော့ပေမည်...။ အိမ်ကဝေးလွန်းလှသဖြင့် ဒေါက်တင်ပွဲတစ်ခေါက်သာ ကျွန်တော့်အား
လာတွေ့နိုင်ခဲ့သည်..။ စာဆိုတာကလည်း နှစ်လနေမှ တစ်စောင်ပင်ရောက်မလာချင်...။
ယခု Out Door ကာလကျမှတိုက်တိုက်ဆိုင်ဆိုင် စာရောက်လာခြင်းမှာ ကျွန်တော့်အဖို့
ကံကောင်းသည်ဟုပြောရမည်သာ...။ စာထဲတွင် အဘရေးထားသမျှမှာ မှာကြားချက်များ
များနေသည်....။ ရှည်ရှည်ဝေးဝေးမရေးတတ်ဘဲ လိုအပ်ချက်ကိုသာ တိုတိုတုတ်တုတ်
ရေးတတ်သောအဘ၏ အကျင့်ကိုသိနေသဖြင့်လည်း.. ယခုစာကို အလွယ်တကူသဘော
ပေါက်မိပါသည်...။  မိဘနှင့်ဝေးရာ တစ်နေရာသို့ ရောက်ရှိနေသော သားတစ်ယောက်
အတွက် မှာကြားချက်များ များနေသောဖခင်တစ်ယောက်၏စာမှာ သဘာဝကျပါသည်...။
သြော်...စာကတိုပေမင့် စာမှပေးသော ရသက ကျွန်တော်အား ခံစားချက်
ပိုစေသည်တကား......။
     အနောက်ဘက်ကောင်ကင်တွင်ကား... ဝင်ခါနီးဖြစ်ဆဲဖြစ်သော နေလုံးနီနီးကြီးမှာ
ပုစွန်ဆီရောင် အသွေးများဖြင့် လောကကြီးကိုဖြန့်ကျက် အလှဆင်ထားသည်..။
ကျွန်တော်ထိုင်နေသောကျောက်တုံးကြီး၏ရှေ့မှ စမ်းချောင်းလေးသည်ကား... ဆည်းဆာ၏
အရိပ်အာဝါသအောက်ဝယ် တငြိမ့်ငြိမ့်နှင့် အလျင်မပြတ် စီးဆင်းလျက်....၊ "ငွေလိုရင်
မှာလိုက်ပေါ့ "ဆိုသော စာထဲမှ အဘ၏စကားကိုပြန်ကြားယောင်မိကာ မိဘမေတ္တာဆိုတာ
ဒီစမ်းချောင်းလိုမျိုးပဲဟု တွေးလိုက်မိသည်..။  စမ်းချောင်းလေး၏ ဘေးတဖက်
တချက်၌ကား ဖြူ၊နီ၊ပြာ၊ဝါ  အရောင်အသွေးစုံသော တောပန်းကလေးများသည်
 အစီအရီပွင့်ဖူးလျက်......။ညနေခင်း၏ လေပြည်အနှော့တွင် ယိမ်းနွဲ့လှုပ်ရှားနေကြသည်.....။
    တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်က ပို၍မှိုင်းပျပျ ဖြစ်လာလေသည်..။ မကြာမီ နေဝင်
တော့ပေမည်...။ တစ်ယောက်ထဲထင်းထွက်ရှာရင်း စမ်းချောင်းဘေး ကျောက်တုံးပေါ်တွင်
ထိုင်ကာ အိမ်ကစာကို ဖတ်ရင်း အတွေးပွားနေမိသော ကျွန်တော် .....ယခုမှပင် သတိပြန်
ဝင်လာလေည်....။ကျွန်တော့်တဲမှ သူငယ်ချင်းများမှာတော့ ကျွန်တော့်ဆီမှ ထင်းကိုစောင့်
စားရင်း ထမင်းအိုးဘယ်နှလုံးလောက်များကျက်နေမည်မသိ...။
    အနောက်ဘက်ကောင်းကင်၏ ဆန့်ကျင်ဘက်အရပ်၌ကား... မှိုင်းပျပျလွင့်လျနေသော
မြူမှုန်များအကြားမှ ကျွန်တော်တို့၏အမိစစ်တက္ကသိုလ်ကြီးကို မပီဝိုးတဝါး လှမ်းမြင်နေ
ရသည်....။စစ်သားဟူသည် လွမ်းဆွေးမှုကို အမြတ်တနိုး တွယ်ကပ်မှု မ၇ှိစကောင်း..။
သတိရတမ်းတ တတ်ခြင်းတို့သည် စစ်သားများအတွက် အကြီးမားဆုံးစိန်ခေါ်မှုများပင်ဖြစ်
လေသည်..၊ လက်ရုံးရည်ပိုင်းသာမက အရာရာကို တိကျပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်းရှိစေရန်
လေ့ကျင့်သင်ကြားပေးနေသော အမိစစ်တက္ကသိုလ်၏
သားတစ်ဦးဖြစ်သူ ကျွန်တော်အဖို့ တွေဝေငေးမောနေခြင်းမှာ မဖြစ်သင့်၊ မရှိအပ်....။
                 " သတိဝင်
                   ငါလျှင်စစ်သား..။
                   ဒို့ပြည်တွင် ရန်စွယ်လွင့်စေဖို့
                   ကျရာစေ အရောက်သွားရတယ်
                   ခွင့်ရက်မနား...။"ဟူသော စာဆိုတစ်ယောက်၏ ကဗျာလေးကို ပြန်လည်သတိရမိကာ ..
                       ဖတ်ပြီးသား စာလေးကို တယုတယခေါက် ...........၊
                             အိတ်ကပ်ထဲ အသာအယာထည့် ................၊
                                    မလှမ်းမကမ်းမှာ ရှာပြီးစုပုံထားသည့် ထင်းစည်းကို ကောက်ထမ်းကာ
                                         ဗိုလ်လောင်းတဲများရှိရာ အရပ်သို့ တရွေ့ရွေ့ ပြန်လာခဲ့မိပါတော့သည်...။        ။

                                                                       (First year ဗိုလ်လောင်း Out Door ဘဝ အမှတ်တရ.....)
                                                                                          Min Kha

0 comments:

Post a Comment