(၁)
သူတို့ပျံကြလေပြီ.....။
သူတို့ဆိုသည်မှာ ခိုငှက်ကလေးများဖြစ်ကြသည်..။သစ်ပင်၏ အကိုင်းအခက်များသည်
လှုပ်ခါ၍ ကျန်ရစ်ခဲ့သည်..။
***********************
(၂)
နွေဦးပေါက်၇ာသီမို့ပဲလား..မသိ..။သစ်ပင်တွေပေါ်မှာ ခိုငှက်ကလေးများကို အမြဲလိုလို
မြင်တွေ့နေရသည်..။ပြတင်းပေါက်ဘောင်ပေါ်မှာ. .၊အဆောင်နောက်က သစ်ပင်တွေပေါ်မှာ..၊
တစ်ခါတစ်ရံ မီးဖိုခန်းထဲအထိဝင်ပြီး.. ထမင်းကျန်ဟင်းကျန်အစအနလေးများကို စားတတ်
သေးသည်..။လူတွေ့လို့ကတော့ သုတ်ကနဲပျံပြေးသွားကြတာ မြန်မှမြန်..။ ဘာပင်မှန်းမသိသည့်
အဆောင်နောက်က သစ်ပင်ကြီးတွေကတော့ စိမ်းလန်းနေဆဲ..၊ မနေ့က မိုးကြောင့်ထင်သည်..။
ပြတင်းပေါက်ဘောင်မှနေ၍ အဆောင်နောက် ရှုခင်းများကို ငေးမောကြည့်နေမိသည့်
ကျွန်တော့်စိတ်အစဉ်သည် ခန္ဗ္ဓာကိုယ်မှာမရှိ...။ အတွေးတို့ လေလွင့်နေမိဆဲ...။
မနေ့က ကျွန်တော်တို့ကျောင်းမှ DSA (50)မှအစ်ကိုကြီးများနှင့် DSTA (10)မှ အစ်ကိုကြီးများ
အမိမြန်မာပြည်သို့ ပြန်သွားကြလေပြီ..။ သုံးနှစ်တာခွဲခွာနေရသော အမိမြေကို ပြန်လည်ရောက်ရှိ
တော့မှာဖြစ်သည့်အတွက် သူတို့အားလုံး၏မျက်နှာများမှာ ကျေနပ်ပျော်ရွှင်မှု အရိပ်အယောင်တွေ
ဖုံးလွှမ်းနေကြတာ အထင်အရှား..၊ အင်းလေ...ဘယ်သူမဆို ကိုယ့်မွေးရပ်မြေကိုလွမ်းကြတာချည်း
မဟုတ်ပါလားးး...၊တစ်ဖက်ကလည်း.. အချိန်အတော်ကြာအောင် အတူတကွနေခဲ့ကြရသော
မိမိတို့အဆောင်..၊သူငယ်ချင်း၊ညီငယ်နှင့်အစ်ကိုကြီးများအား လွမ်းဆွတ်မှုတွေကို သူတို့တွေရဲ့
မျက်နှာတွေမှာ မသိမသာ မြင်တွေ့နေရသည်..။
အနေစိမ်းခဲ့သူများအဖို့ မသိသာပေမင့် နယ်သားများ..၊တပ်ခွဲတူများ..ဘလော့ကပ်လျက်များ..
အဖို့ကတော့.. သုံးနှစ်တာ အတူတကွနေခဲ့ကြရသည့်..သံယောဇဉ်က နည်းတဲ့သံယောဇဉ်မှ
မဟုတ်သည်ပဲ..။ အရမ်းကြီးမခင်ခဲ့ကြဘူးဆို၇င်တောင်မှ မြင်တွေ့ရကျ သူများကို မတွေ့ရသည့်
အချိန်မှာတော့ရင်ထဲမှာတော့ လှစ်ဟာသွားကြမည်သာပင်....။
အထူးသဖြင့် အတူတူယှဉ်တွဲ ဆောင်ရွက်ဖူးကြသည့် သူများအချင်းချင်း ပိုပြီးအမှတ်ရနေ
ကြမည်သာ....။ ဘောလုံးသမားများအဖို့ သူတို့နှင့်အတူတူဘောလုံးကန်ဖူးကြသည့် (၅၀)မှ
ကိုမျိုးခိုင်၊ကိုအောင်မျိုးထွန်း၊ကိုစိုးမိုးကျော်၊ကိုခင်မောင်ထွေး .. TA(10)မှ ကိုမျိုးမင်းအောင်
တို့အား သတိမရဘဲနေကြမည်မဟုတ်ပေ....။
"အစ်ကိုတို့ပြန်သွားတော့ ဘောလုံးကန်မယ့်လူတောင်မရှိတော့ဘူးဗျာ.."
ကျန်ရစ်ခဲ့ရသည့် ဘောလုံးကန်ဖော်ကန်ဖက် ညီငယ်များ၏ စကား... တကယ့်ကို
လွမ်းလွမ်း ဆွေးဆွေးနှင့်ပြောခြင်းသာဖြစ်ပါသည်..။ မြန်မာပြည့်ပြန်ရမည့် အစ်ကိုကြီးများအတွက်
ဝမ်းသာပေးရသလိုတဖက်ကလည်း..မရှိတော့သော ကစားဖော်ကစားဖက်များအတွက်
စိတ်ထဲကမကောင်း..။
" ဒါက ဒီလိုပါပဲညီရာ.. နောက်ညီငယ်လေးတွေလာဦးမှာပဲဟာ.."
အစ်ကိုကြီးများမှ အားပေးပါသည်..။ဒါက ဘောလုံးသမားများအဖို့သာ...။ အဆောင်ရှိ
လူတော်တော်များများ Crazy ဖြစ်ကြသော Counter Game ကို ကြည့်ဦးမလား...။
ဘယ်သူမှမကျန်တော့..။
captain winder ၊ ဆိုးပေ ၊ Flame ၊ DJ ၊ ဗေကြီး ၊ Flyer ၊အေးဆေး ၊ One black
စသည့်စသည့်ကစားဖက်ကောင်းများ အားလုံးပြန်သွားကြလေပြီ..။ ကစားပွဲတိုင်း ရွှတ်ရွှတ်
နောက်နောက် ကစားတတ်သည့်ဆိုးပေ (ကိုထွန်းကြီး)၊ စနိုက်ပါကိုင်ထားပြီဆိုလျှင်
ပြိုင်ဘက်အားလုံး နေရာမှ မထွက်ရဲအောင် ကြောက်ကြရသည့် အေးဆေး (ကိုတင်ထွန်းအောင်)၊
ကိုဖြိုးမောင်မောင်၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် အတူတကွ လက်တွဲကစားခဲ့ကြရသည့်.
. တခြား Counter ကစားဖက်များအားလုံး......၊ ကျန်ခဲ့ကြရသည့် counter သမားတိုင်း
တသသဖြစ်နေမည်သာပင်.....။
"ညီလေး..Net ဆင်ဦးမလား.."
လကုန်၇က်တိုင်း စာအုပ်တစ်အုပ်နှင့် ရောက်ရောက်လာပြီး မေးတတ်သည့် Net coach
အစ်ကိုကြီး ကိုစိုးကျော်သူ ၊ Net လွတ်လွတ်သွားတိုင်း သူ့ကိုသွားသွားပြေးခေါ်ခဲ့ရတာကို
ပြန်သတိရမိသည်...။ဂစ်တာတစ်လက်နှင့် သံဇဉ်ကောင်းလေးများကို သီကြူးတတ်သော
အဆိုတော် ကိုနေလင်း...၊(ပြန်ခါနီး လက်ဆောင်ပစ္စည်းများဝယ်လိုက်ရ၍ ပိုက်ဆံ
မရှိတော.ပါသဖြင်.ပြန်ခါနီး အကိုကြီးများအတွက် သို.မဟုတ် ညီလေးများအတွက်
ဘီယာလေးများတိုက်ချင်ရင်......(504 အခန်းသေးမှာ.......ပိုးစိုးပက်စက် ထိုင်မျှော်နေပါမည်။
။။လေးစားစွာဖြင့်......:D) ...ဟု MIIT Group တွင် Status တင်ခဲ့ဖူးသော အစ်ကိုကြီး
ကိုနေလင်း..၊ မိမိဆီမှာလည်း ပိုက်ဆံလုံးဝမရှိတော့သည့်အတွက် သွားပီးမတိုက်နိုင်ခဲ့...။
အမှတ်ရနေမည်သာပင်။
"ဆီသတ်တဲ့အခါ ရေကိုချက်ချင်းလောင်းမထည့်ဘူးကွ... အသားတွေကို
လုံးပြီး..အိုးကိုအဖုံးအုပ်ပြီးခဏနှပ်ထားရတယ်..၊ ဒါမှ အငန်ဓာတ်အချိုဓာတ်တွေက
အသားထဲ ရောက်မှာ..၊ မဟုတ်ရင် စားလို့မကောင်းဘူး"
ကျောင်းသို့ရောက်ခါစ ဟင်းမချက်တတ်ချက်တတ်နှင့်ချက်နေတုန်း သင်ပြပေးခဲ့သည့်
ကိုလွင်ကိုအောင်..။သင်္ကြန်တုန်းက မဲတွေဖောက်ကြစဉ် နှုတ်ခမ်းနီပေါက်ပြီး ဆိုးပေးခဲ့ရသည့်
ကိုလွင်ကိုအောင်...၊ အမှတ်ရနေမည်သာ..၊
"ရော့ ..ဒါ ငါရှိ သမျှ အကုန်ပဲ.."..ဟုဆိုကာ သူ့ရဲ့ ဧ၇ာမ ဘောင်းဘီ ကြီးများကို
ပေးခဲ့သော ကျွန်တော့်နယ်သား ကိုမင်းဝေကျော်..( တစ်ထည်မှလည်း ကျွန်တော်နှင့်
မတော်ပါ..)၊ "မင်္ဂလာ...ဘာ..." ဟု R ကြီးစတိုင်နှင့်သီချင်းဆိုခဲ့ သည့် ကိုစိုးမိုးကျော်.....၊
ဘုရားခန်းဝင်တိုင်း အမြဲတွေနေကျ TA မှ အစ်ကိုကြီးများ..(နာမည်တွေအတိအကျ
မသိသဖြင့် ထည့်မရေးတော့ပါ)...၊မနက်ဖြန်ခါ ဘုရားခန်းဝင်လျှင် သူတို့ကိုပိုပြီး အမှတ်ရနေမိမှာ
အသေအချာပင်..။ ခုတော့..သူတို့..သူတို့..အားလုံးမြန်မာပြည်ကို အခြေချပြီး..ပျော်ရွှင်နေကြ
လောက်လေပြီ.....၊ ကျန်ခဲ့သူ ကျွန်တော်တို့ မှာသာ...........။ ။
*************************************
(၃)
.....ခွဲခွာခြင်းဆိုသည်မှာ....ချန်ခဲ့သူလည်း...လွမ်းရမယ်.....ကျန်ခဲ့သူလည်း...
လွမ်း...ရမယ်...
တစ်ချိန်တုန်းက ခေတ်စားခဲ့ဖူးသည့် အဆိုတော်အောင်သူ၏ သီချင်း...၊
မှန်လားမှားလားတော့မသိ..၊မိမိတို့သည်..စစ်သားများ..၊တွေ့ဆုံကြုံကွဲ သဘောတရားကို
ခံနိုင်ရည် ရှိနေရမည်ဆိုသည်ကို သဘောပေါက်ပါသည်..။ သို့သော်.. ဝေဒနာက ကြီးလွန်းလို့
ပဲလား..၊ စစ်တပ်နှင့်အနေဝေးသဖြင့် နှလုံးသားများကပဲ နှုးညံ့ကုန်သလားမပြောတတ်...။
ခံစားရသည်တော့..အမှန်ပင်..။
"လေဆိပ်တော့ လိုက်မပို့တော့ ဘူးကွာ.. ငါကမျက်ရည်လွယ်တယ်ကွ..
စိတ်ထိန်းနိုင်မှာ မဟုတ်ဘူး.."
အခန်းတူ သူငယ်ချင်း ကိုထွန်းကြီးကို ရယ်ရယ်မောမော နှုတ်ဆက်နေသည့်
ကိုဟိန်းဇော်...။မျက်နှာတွင် အပြုံးရိပ်ကို တန်ဆာဆင်ထားရပေမင့် သူ၏ရင်ထဲမှာကား
ငိုကြွေးနေမည် ဆိုတာကို ခံစားတတ်သူတိုင်းနားလည်နိုင်ပါသည်..။ အင်းလေ..
.အတူတူတွဲလာခဲ့ကြတာ နည်းတဲ့အချိန်ကာလမှမဟုတ်တာပဲ....။
"ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း"ဟူသော မြန်မာစကားပုံအတိုင်း
မိမိတို့အားလုံးသည် ဆွေမျိုးအရင်းအချာများ မဟုတ်ကြပါ..။သို့သော်..သံယောဇဉ်....၊
ရင်ထဲတွင်ဖြစ်တည်နေသော.. တစ်ဦးကိုတစ်ဦး ခင်မင်မှုအတိုင်းအတာက..အရပ်သားများထက်
ပိုသည်..။ အရပ်သားများထက် တွေဆုံကြုံကွဲ ဝေဒနာကို ပိုခံစားကြရသည်..။သို့သော်
... အရပ်သားထက်လည်း..ထိုဝေဒနာ၏ဒဏ်ကို ပို၍ ခံနိုင်ရည်ရှိကြပါသည်..။
အမှန်အတိုင်းဆိုရပါလျှင် ယခုပြန်သွားသော အစ်ကိုကြီးများနှင့် မိမိတို့
နောက်တစ်ကြိမ်ဆုံဆည်းဖို့ဆိုတာဘယ်လိုမှ မဖြစ်နိုင်တော့ပါ .. (တပ်တူများနှင့် ph.D
ပြန်လာမည့် အစ်ကိုကြီးများမှလွဲ၍ )..။ ရှေးရေစက်ကြောင့် အမှတ်မထင်လာဆုံဆည်း
ကြရတာပင်..။ မိမိတိုကြာလှပြီထင်ခဲ့သော သုံးနှစ်တာ ကာလက ဘဝတစ်သက် တာနှင့်
နှိုင်းယှဉ်ပါလျှင်ဘာမှမပြောပလောက်ပေ....၊ တကယ့်ကို သေးသေးမွှားမွှားလေးပါပဲ...။
အစ်ကိုကြီးတွေ ပြန်ကြမည့် (13.7.2012)ရက်နေ့...။ တောက်လျှောက်ပူလာခဲ့သည့်
မော်စကိုနေမင်းက ဘယ်ဆီကို သွားရောက်ပုန်းရှောင်လေသည် မသိ...။ ခွဲခွာဖို့ နှုတ်ဆက်နေ
ကြသည့် ထွက်ခွာသူနှင့် ကျန်ရစ်သူတို့၏ အလွမ်းဝေဒနာပွဲကို ကြည့်ရမှာ စိတ်မခိုင်လေရော့
သလား. ...မပြောတတ်..၊ ပျောက်ခြင်းမလှ ပျောက်နေလေသည်...။
နားလည်ရခက်သည့် မော်စကို မိုးကလည်း.. ကောင်းကင်မှနေ၍ ညီငယ်များကိုယ်စား
ငိုကြွေး ပေးရော့ထင့်...။အမှတ်တရ နေ့စွဲလေးတစ်ခုပါပင်.... ။
လူနည်းသွားသဖြင့် ခြောက်ကပ် ကျန်ရစ်ခဲ့သော.. မိမိတို့အဆောင်ကြီးကား..ခွဲခွာမှုပြယုဂ်
တစ်ခုဆိုရင် မမှားပေ...။
ဖြည်းညင်းစွာထွက်ခွာသွားသည့် Express ကားကြီးနောက်ကွယ်မှ လက်ပြနှုတ်ဆက်
ကျန်ခဲ့ကြသည့်ကျန်ရစ်သူများ၏ ၇င်တွင်းနှလုံးမှာတော့ ဖျောက်ဖျက်မရသည့်
ကမ္ဗည်းတစ်ခုကို ရေးထိုးပေးလိုက်သည့်အလား...........၊
ချန်ခဲ့သူနှင့်ကျန်ခဲ့သူ.... မည့်သူ့အလွမ်းဝေဒနာက ပိုပါသနည်း....။ ။
*****************************************
(၄)
သူတို့ပြန်ကြလေပြီ......။
သူတို့ဆိုသည်မှာ ပြည်တော်ပြန်ကြသည့်... နောင်တော်အစ်ကိုကြီးများ ဖြစ်သည်...၊
ကျွန်တော်တို့၏ နှလုံးသားများသည် လှုပ်ခါ၍ ကျန်ရစ်ခဲ့သည်....။ ။
(လွမ်းဆွေးစွာဖြင့်ရေးဖွဲ့လိုက်ခြင်း ဖြစ်ပါကြောင်း.........)
Min Kha
0 comments:
Post a Comment