နေမွန်းတည့်ခဲ့တာ သုံးနာရီကျော်ကျော်မျှ ကြာသွားခဲ့လေပြီ...။
တိတိကျကျဆိုရပါလျှင် မွန်းလွှဲ သုံးနာရီကျော်.....။ ချမ်းအေးလှပါသည်ဆိုသော ပြင်ဦးလွင်မြို့လေးကားယခုအချိန်တွင်မတော့ မာန်ဟုန်ပြင်းသည့် အပူငွေ့တွေကို တငွေ့ငွေ့ ထုတ်လွင့်လျှက် ရှိနေဆဲဖြစ်သည်....။
မင်းခနှင့်မြတ်မင်းမောင်တို့ ဒုတိယနှစ်ဗိုလ်လောင်းသူငယ်ချင်းနှစ်ယောက် Academic အိတ်ကိုယ်စီဆွဲကာ တဆိုင်ဝင်တဆိုင်ထွက်၊ တလမ်းကျော်တလမ်းဖြတ်ဖြင့် မြို့ပတ်လို့ကောင်းနေကြဆဲ....။
"ငါတို့ Out pass က လေးနာရီထိရတာ ဟုတ်ပါတယ်နော်..မင်းခ"
နှစ်ယောက်သား ပြင်ဦးလွင်-လားရှိုးလမ်းမကြီးအတိုင်း ဘယ်ညာညှိကာ ယှဉ်လျှောက်နေရင်းမှမြတ်မင်းမောင်က လှည့်မေးလိုက်သည်..။မင်းခက လက်မှနာရီကို တစ်ချက်ကြည့်လိုက်ပြီး...
"ဟုတ်မှာပါ... မနက်ကဟိုကောင်တွေပြောနေကြတာပဲ... ခုမှ 3:15 ရှိသေးတာ.."
"အာ... မင်းဟာက မသေချာမရေရာလိုက်တာကွာ.. တကယ်လို့ သုံးနာရီအထိပဲသာဆိုရင်တော့ ငါတို့နှစ်ယောက် ကွိပြီပဲ..."
"သိပ်စိတ်မပူပါနဲ့ကွာ... မြို့ထဲမှာဗိုလ်လောင်းတွေ တွေ့နေရပါသေးတယ်.. လေးနာရီအထိဆိုတာသေချာလောက်ပါတယ်..."
မှန်၏..။ တချို့ဆိုင်များတွင် ဗိုလ်လောင်းတွေကို တစ်ယောက်စ နှစ်ယောက်စတွေ့နေရတုန်းဖြစ်သည်။သူတို့နှစ်ယောက်ကတောင် ကျောင်းထဲပြန်ဝင်လာနေပြီ..၊ ထိုဗိုလ်လောင်းများကတော့ ခုထိ ဝယ်လို့ခြမ်းလို့ ကောင်းနေကြတုန်း...။ဤခါမှ စိတ်သက်သာရာ ရသွားကြပြီး.. ဖြေးဖြေးမှန်မှန်ပဲ လျှောက်မိကြတော့သည်..။
သူတို့ဗိုလ်လောင်းများ၏ တပ်ပြင်ထွက်ခွင့် (out pass)ချိန်ကို သင်တန်းနှစ်အလိုက် ခွဲခြားထားသည်..။ပထမနှစ် နှင့်ဒုတိယနှစ် ဗိုလ်လောင်းများအတွက် တပ်ပြင်ထွက်ချိန်မှာ နံနက် ၈ နာရီမှ ညနေ သုံးနာရီအထိ..။ ဖိုင်နယ်ဗိုလ်လောင်းများအတွက်မူ နံနက် ၈ နာရီမှညနေ လေးနာရီထိသတ်မှတ်ထားသည်..။သို့သော်..ဘာအတွက် ရယ်တော့ မမှတ်မိတော့..၊ သင်တန်းနှစ်စလောက်တုန်းကတစ်ခါ ပထမနှစ်၊ဒုတိယနှစ် ဗိုလ်လောင်းများကိုပါ ညနေလေးနာရီထိ Out pass ပေးခဲ့ဖူးသည်...။
ဒီနေ့မနက်တွင်လည်း.. out pass ထွက်ဖို့တန်းစီရတုန်းက out pass တာဝန်ကျဗိုလ်ကြီးက ဒုတိယနှစ်များပါ ညနေလေးနာရီထိ Outpass ရသည်ဟု
ပြောလိုက်သည် ဟု မင်းခထင်မိသည်..။ သို့သော် ဗိုလ်ကြီး၏စကားကို တိုက်ရိုက်ကြားခဲ့ရခြင်း မဟုတ်...။ ထိုကဲ့သို့ဗိုလ်ကြီးကပြောသည်ဟု သူငယ်ချင်းတွေပြောကြတာကို သူပြန်ကြားရခြင်းဖြစ်သည်..။ဘယ်သူငယ်ချင်းတွေပြောကြတာလဲဆိုတော့လည်း ဘယ်သူငယ်ချင်းတွေဆိုတာ သူ ရေရေရာရာ မှတ်မိတော့..။ တဆင့်စကား တဆင့်နားပုံစံ မျိုးဖြင့် ကြားခဲ့ရခြင်းဖြစ်သည်..။ အကယ်၍ Out pass က သုံးနာရီအထိပဲသာ ဆိုလျှင်တော့ သူတို့နှစ်ယောက် နာပြီ..။ Out pass အချိန်ကျော်ခြင်းသည် မည်မျှ အပြစ်ကြီး သနည်း ဆိုတာ သူတို့ဗိုလ်လောင်းများ အသိဆုံး..။စီနီယာများ အပြစ်ပေးတာအပြင် CAD၊ SED၊ လိုင်းချုပ် ပြစ်ဒဏ်တစ်ခုခုနှင့် ညားသွားနိုင်သည်...။ဒါ့အပြင် နောက်ထပ်
တော်တော်နှင့် out passထွက်ခွင့်ရတော့မည် မဟုတ်..။
"လာထားနော်..ဗိုလ်လောင်းတွေ.. ကျောင်းထဲကို ၊ကျောင်းထဲကို... ဒါနောက်ဆုံးကားပဲ ..အမြန်လာထားကြ"
ဗိုလ်လောင်း Out pass ကားဂိတ်တွင် ဆရာကြီးတစ်ယောက်က မှန်လုံ ကားဘေးတွင် ရပ်ကာ ဆော်သြနေခြင်းဖြစ်သည်။ကျောင်းထဲသို့နောက်ဆုံးကားဖြစ်သဖြင့် ဒီကားနှင့်ပါမသွားလျှင် Out pass အချိန် မမှီဖို့ လုံးဝသေချာလေပြီ..။
ဟိုဆိုင်မှ ဒီဆိုင်မှ ထွက်လာကြသော ဗိုလ်လောင်းများ ကားပေါ်သို့ အလျင်အမြန် တက်ကြသည်..။မင်းခနှင့်မြတ်မင်းမောင်တို့နှစ်ယောက်သည်လည်း.. ခပ်မြန်မြန်တိုးဝှေ့ကာကားပေါ်တက်လိုက်ကြသည်..။ နောက်ဆုံးအခေါက်ဖြစ်သဖြင့် ကားပေါ်တွင် ဗိုလ်လောင်းများ ပြည့်ကျပ်နေသည်..။ ဟိုတိုးဒီတိုက်ဖြင့် ခနနေမှ နေရာရသွားသည်..။ကားကလည်းစတင်ထွက်ခွာပြီဖြစ်ရာ...ဒီတော့မှ နှစ်ယောက်သား သက်ပြင်းချနိုင်တော့သည်..။တစ်ယောက်ကိုတစ်ယောက် ကြည့်ကာပြုံးလိုက် ကြပြီး.. ဘေးပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်သော အခါတွင်မတော့....
"ဟင်......"
နှစ်ဦးစလုံး၏ပါးစပ်များမှ ထိုအာမေဋိတ်သံကြီး ယောင်ယမ်းထွက်သွားမိသည့် အထိပင်..။ ထွက်လည်းထွက်စရာပင်၊ကားပေါ်မှာ မြင်ရသည့်ဗိုလ်လောင်းများက သူတို့နှစ်ဦးမှလွဲ၍ ကျန်အကုန်လုံးမှာ တပ်ရင်သုံးရင်းစလုံးမှ final year ဗိုလ်လောင်းများဖြစ်နေသောကြောင့်ပင်...။ နှစ်ဦးလုံး၏ရင်ထဲ ဒိတ်ကနဲဖြစ်သွားကြပြီး.. ပတ်ဝန်းကျင်ကိုရဲရဲပင် မကြည့်ရဲတော့...။ ဗိုလ်လောင်းဘဝတွင် စီနီယာကို မည်မျှကြောက်ရသနည်းဆိုတာကို သူတို့ ဗိုလ်လောင်းများသာ အသိဆုံး...။ပုံမှန်အခြေအနေ တွင်တော့ ဘာမှမဖြစ်...။ ယခုတော့ သူတို့နှစ်ဦးမှာ..... အပြစ်ကျူးလွန်ထားမိကြပြီ မဟုတ်ပါလား...။
"အံမယ်...Second year တွေပါလား..၊မင်းတို့ Out pass ချိန်က ၃ နာရီအထိမဟုတ်လား....ဘာလို့ခုချိန်ထိ ရှိနေကြတာလဲ"
သူတို့နှစ်ဦး၏ လက်မောင်ဘတ်မှ အတုံးနှစ်တုံးကို အကဲခတ်ရင်း မေးလိုက်သော Final year တစ်ယောက်၏ အမေးကိုနှစ်ဦးသား ရုတ်တရက်ဘာမှ ပြန်မပြောမိကြ..၊ ဒီအတိုင်းဆိုလျှင် လမ်းမှာ သူတို့တွေ့ခဲ့ရသော ဗိုလ်လောင်းများမှာ Final year များဆိုတာပြောစရာမလိုအောင် သေချာနေလေပြီ...။
"Second year ၊ မေးနေတယ်လေကွာ..."
ဟိန်းကနဲထွက်လာသော ခပ်မာမာအသံကြောင့် တကားလုံးရှိ final year များ၏ အကြည့်က သူတို့နှစ်ဦးဆီ စုပြုံရောက်ရှိလာကြသည်..။နှစ်ဦးသား ဆတ်ကနဲ ဖြစ်သွားပြီး.. သတိကိုဆွဲလိုက်ကာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့်..
"ဟို..ဟို... ကျွန်တော်တို့ပါ ညနေလေးနာရီထိ Out pass ရတယ် ထင်လို့ပါ..."
ဖြေလိုက်သောအဖြေက မပြည့်စုံ ဆိုတာ သိနေသော်ငြား.. မတတ်နိုင်..။ သူတို့မှာ ဒိထက် တိကျပြည့်စုံသောအဖြေမရှိ..။အနီးပတ်ဝန်းကျင်သို့ မသိမသာ အကဲခတ်ကြည့်လိုက်တော့.. ဝိုင်းပြီးကြည့်နေကြသော ဖိုင်နယ်များ၏မျက်လုံးများကြောင့် မျက်လွှာကိုခပ်မြန်မြန်ချလိုက်ရသည်..။ ကျားရဲများအလယ်ရောက်နေသော သမင်နှစ်ကောင် သဖွယ်...။
"ထင်လို့ပါ ဆိုရုံနဲ့ ရမလားကွ... လေးနာရီအထိ Out pass ရတယ်လို့ ဘယ်သူကပြောလဲ..."
သူတို့မဖြေနိုင်..၊ တခုသေချာတာကတော့ သူတို့ဖာသာအပြင်မှာ နေချင်ဇောနှင့် Out pass ချိန်ကို လိုရာဆွဲတွေးပြီး နေကြခြင်းဖြစ်သည် ဆိုတာပင်..။
"ဘယ်သူမှ မပြောပါဘူး..."
ဟိုဒီကွေ့ဝိုက်ပြီးပြောမနေချင်တော့...၊ အပြစ်ရှိသည်ဆိုတာကို သိနေသည့် နောက်မှတော့ အပြစ်ကိုခံယူဖို့ကြိုးစားခြင်းသာအကောင်းဆုံးဖြစ်ပေလိမ့်မည်..။ .မေးသည့် final year မှာ သူ့အဖြေကြောင့် မျက်လုံးပြူးသွားသည်..။
"ဟ... ဒါဆို "ဒဲ့"ပေါ့ကွ..."
"ဟုတ်တယ်ဟေ့... Second year များက..၊ Out pass ချိန်ကျော်ပြီးတောင် အပြင်မှာ နေနေတာဟေ့.."
"ကဲ...ကားပေါ်က final year တွေရေ...၊ ဒီ second year နှစ်ယောက်ကို ဘာလုပ်ကြမှာတုန်း..."
"Second year တွေရဲ့ ဇ ကတော့ မသေးဘူးဟေ့.."
တစ်ယောက်တစ်ပေါက် ထွက်လာသော final year များ၏ အသံက ကားပေါ်မှာ ဆူညံသွားသည်...။ ရယ်ရယ်မောမောနှင့်ပြောနေကြခြင်းဖြစ်သည်...။ သို့သော် ထိုရယ်မောခြင်းများ၏ နောက်ကွယ်မှ အပြစ်ပေးမှုကို သိရှိနေသော သူတို့နှစ်ယောက်အဖို့ အလိုလိုနေရင်း ချွေးပျံလာသည်...။ ဗိုလ်လောင်းဘဝတွင် ထိုသို့သော အပြောမျိုးကို "ဖွ"သည်ဟုခေါ်ပေသည်..။ အငယ်များ၏အပြစ်ဖောက်ဖျက်မှုကိုသက်ဆိုင်ရာ တာဝန်ကျတစ်ဦးဦးသိရှိအောင် နောက်သလိုပြောင်သလို၊ တိုင်တည်သလို ပြောနေကြခြင်း ဖြစ်သည်..။ထို့သို့ဖွလေလေ... ၊အဖွခံရသူ ဂျူနီယာမှာ ပို၍ ဇောချွေးပျံလေလေ ဖြစ်သည်...။
အကြောင်းမှာ ထိုသို့"ဖွ"လေလေ..၊အဖွခံရသူဗိုလ်လောင်းမှာ ပို၍အပြစ်ပေး ခံရတတ်လေလေ ဖြစ်သောကြောင့် ဖြစ်သည်..။
"ဟုတ်တယ်ဟေ့.. Second year တွေက..၊ မှန်းစမ်း.. ဘယ်တပ်ရင်းကတုန်းးး... အံမယ်..ရွှေဝါရောင်လေးနဲ့ အောင်ဇေယျကကိုးအောင်ဇေယျက Second year တွေက ဒီလိုပဲလားဟ... ၊အုပ်ချုပ်မှုလေးတွေလိုအပ်လို့ နေမှာပေါ့ နော့.."
မင်းခနှင့်မြတ်မင်းမောင်တို့ နှစ်ဦးသားရင်ထဲတွင် တဒုတ်ဒုတ်နှင့် မျက်လွှာကိုသာ အောက်ချထားလိုက်မိကြသည်..။ သူတို့အဖို့သတင်းပို့ အပြစ်ပေးခံရဖို့ လုံးဝ သေချာသွားလေပြီ..၊ ဘယ် final year ကများ သတင်းပို့ခေါ်မည်လဲ..၊ ယခုကားပေါ်ရှိသမျှ final yearအားလုံးနှင့်သာ သတင်းပို့ပါခဲ့မည်ဆိုပါက သင်တန်းနှစ်ကုန်သည်အထိ သတင်းပို့လို့ ဆုံးအံ့မထင်...။ အချိန်အတော်ကြာသည်အထိ ဘယ်သူကမှ သူတို့ကို ဘာမှ လာမပြောသေး...။
"ကဲ... မင်းတို့နှစ်ယောက်ရဲ့ နာမည်နဲ့ Cadet number ပြော..."
မော့ကြည့်လိုက်တော့ သူတို့တပ်ရင်းမှ ဗိုလ်လောင်းတပ်ရင်းမှုး ကိုဇေယျ..၊ note book နှင့် ဘောလ်ပင်ကိုင်ကာ မေးလိုက်သလိုကိုယ်တိုင်ကလည်း သူတို့နှစ်ဦး၏ ရင်ဘတ်မှ နာမည်၊ဗိုလ်လောင်းနံပါတ်၊တပ်ခွဲများကို ရေးမှတ်နေသည်...။ ဆူညံနေကြသော Final yearများကို ပွဲထိန်းသည့်အနေဖြင့် ရောက်လာခြင်းဖြစ်မှန်း သူတို့သဘောပေါက် လိုက်ပါသည်...။
"မင်းတို့နှစ်ယောက် ည night study ဖြုတ်ချိန်ကျရင် ငါ့အခန်းကို လာခဲ့ကြ..၊ဟုတ်ပြီလား...."
"ဟုတ်.."
Out pass ကားကြီးမှာ တရိပ်ရိပ်နှင့် ကျောင်းထဲ အပြေးဝင်နေဆဲ...၊သူတို့နှစ်ဦး၏ ရင်ခုန်သံမှာလည်း ကားနှင့်အပြိုင် ပြေးလွှားဆူညံနေဆဲ...။ ချယ်ရီပန်းများ လှပစွာ ပွင့်လန်းနေသည့် လမ်းပေါ်မှ ဗိုလ်လောင်း နှစ်ဦး၏ ရင်ခုန်သံ ကဗျာမဆန်နိုင်တာကိုတော့ ကာယကံရှင်များနှင့် ခံစားတတ်သူများသာ အသိဆုံးဖြစ်လေလိမ့်မည်..။
************************************
တပ်ခွဲသို့အပြေးအလွှား ပြန်ရောက်သောအခါ အင်တိတ်တူ သူငယ်ချင်းများကို Suprise Check (တန်းစီ) ရှိခဲ့၊မရှိခဲ့ မေးရသေးသည်။ပုံမှန်လုပ်နေကျ Suprise Check သာရှိခဲ့ပါ.. သူတို့နှစ်ယောက်အဖို့ သွားပြီ...၊ အကြောင်းမဲ့ပျက်ကွက်ဖြင့် CAD လား ၊လိုင်းချုပ်လား မသိ....၊ရင်တထိတ်ထိတ်ဖြင့် စောင့်စားရပေတော့မည်..။ သူတို့ကံကောင်း ပါသည်..။ တန်းစီ မရှိခဲ့...။ အင်တိတ်သူ သူငယ်ချင်းများမှာလည်း သုံးနာရီကျော်မှ Out pass ပြန်ဝင်လာသော သူတို့နှစ်ယောက်ကို ကြည့်ကာ အံ့သြနေကြသည်..။
မင်းခနှင့်မြတ်မင်းမောင်တို့ အခုမှ သက်ပြင်းချနိုင်ကြတော့သည်...။ ကားပေါ်မှာ ဗိုလ်လောင်းတပ်ရင်းမှုးနှင့် သတင်းပို့ပါသွားတာထက်တပ်ရင်းရုံးနှင့် ပါတာက ပိုဆိုးသည်ဆိုတာကို သိထားသည်ပဲ မဟုတ်လား...၊ Suprise Check (တန်းစီ) မရှိခဲ့တာကိုပင် ကျေးဇူးတင်ရပေဦးမည်။ဤသို့ဖြင့်ပင်..ညနေတန်းပေါင်းစီ၊သစ္စာဆို၊စားရိပ်သာတွင် ထမင်းစား၊ည night study စသည့် လုပ်ဆောင်ဖွယ်ရာများကို ဖြတ်သန်းပြီးသကာလည 9:10 တွင် သူတို့နှစ်ဦးသား ဗိုလ်လောင်းတပ်ရင်းမှုး၏ ရုံးခန်းရှိရာ တပ် ခွဲ(၉)သို့ အသော့နှင်ခဲ့ကြသည်..။
သူတို့ရောက်သွားတော့ ဗိုလ်လောင်းတပ်ရင်းမှုးကိုဇေယျမှာ စာကြည့်စားပွဲရှေ့မှပင် မထသေး...၊ အခန်းဝမှာ ရပ်နေသော သူတို့နှစ်ဦးကိုမြင်သောအခါ.....
"အော.... ရောက်လာကြပြီကိုး... ဝင်လာခဲ့..၊ဝင်လာခဲ့..."
သူတို့နှစ်ဦးသား... ခပ်ကုပ်ကုပ်လေးဝင်သွားကြပြီး.. တပ်ရင်းမှုးေ၇ှ့တွင် သတိဆွဲရပ်လိုက်ကြသည်...။
"ကဲ..ပြောကြပါဦး... မင်းတို့က ဘာလို့ Out pass ကို နောက်ကျပြီးမှ ပြန်ဝင်ကြရတာလဲ..."
အင်တာဗျူး စလေပြီ..၊ အနုပညာရှင်တစ်ယောက်ကိုမေးသော မီဒီယာသမားတစ်ယောက်၏ မေးပုံမျိုးမဟုတ်သဖြင့် သူတို့နှစ်ယောက်မှာလည်း အနုပညာရှင်များ လိုတော့ "အဲ... ဒါကတော့ ဒီလိုရှိပါတယ် ခင်ဗျ..."လို့ အစချီပြီး ဖြေခွင့်မရရှာပေ...။
"ကျွန်တော်တို့ "Out pass "ချိန်ကို လေးနာရီအထိရတယ် ထင်နေလို့ပါ..."
"ဘာလို့ လေးနာရီအထိလို့ ထင်ကြရတာလဲ.. အဲလို ထင်စရာ ဘာအကြောင်းရင်းရှိလို့လဲ.... ၊ စိတ်ကြိုက်ဖြေ..၊မင်းတို့ရဲ့ အဖြေပေါ်မူတည်ပြီး မင်းတို့အတွက် အပြစ်အကြီးအသေးကို ငါဆုံးဖြတ်ပေးမယ်.."
ကိုဇေယျက တရားဝင်လမ်းဖွင့်ပေးထားလိုက်လေပြီ..၊ ဤပုံအတိုင်းဆိုပါလျှင် သူတို့၏အပြစ်မှာ သူတို့၏ အဖြေစကားများ အပေါ်တွင်လုံးဝမူတည်နေလေပြီ....၊ အပြစ်ဖောက်လျှင်ဖောက်သည့်အတိုင်းခံရမည်ကို သိပါသော်လည်း နည်းနည်းမျှဖြစ်ဖြစ် အပြစ်ဒဏ်သက်သာမှုကိုတော့လူသားတိုင်းလိုချင်ကြမည်သာ ဓမ္မတာပင်ဖြစ်လေသည်..။ "အလျှောက်ကောင်း၍ အထောင်းသက်သာ"ဟူသော မြန်မာစကားပုံပင် ရှိသေးသည်မဟုတ်ပါလား....။
"ကဲ...ပြော.. မင်းတို့အရင်တုန်းက လေးနာရီအထိ Out pass ရဖူးလား.."
မင်းခနှင့် မြတ်မင်းမောင်တို့ ခေါင်းထဲ အလင်းတန်းလေးတချက်လက်သွားသည်..။
"ဟုတ်...ရဖူးပါတယ်... သင်တန်းနှစ်အစတုန်းကလောက်ပါ.."
တကယ်တော့ ဆွဲမိဆွဲရာကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်...ခြင်းဖြစ်သည်။ သို့သော်... ကောက်ရိုးမျှင်မှာ ရေနစ်သူတစ်ယောက်၏အသက်ကိုကယ်တင်ပေးနိုင်စွမ်း မရှိကြောင်းကိုတော့ မင်းခနှင့် မြတ်မင်းမောင်တို့ သတိမထားမိလိုက်ပါချေ...။
"သင်တန်းက အခုဆိုရင် နှစ်တစ်ဝက်တောင်ပြည့်တော့မှာပဲ.. နှစ်စလောက်တုန်းက ဖြစ်ရပ်က ခုချိန်ထိ တည်မြဲနေလိမ့်မယ်လို့ မင်းတို့တွေ ယုံကြည်ထားကြလား..."
"မယုံထားပါဘူး..."
ကိုဇေယျမှာ သူတို့၏အဖြေကို ခေါင်းတငြိမ့်ငြိမ့်နားထောင်ရင်း သူတို့အရှေ့တွင် တလှမ်းချင်းလျှောက်နေသည်...။
"ဟုတ်ပြီ... ငါလည်း အကြောင်းပြချက်မခိုင်လုံပဲနဲ့ ဂျူနီယာကို အပြစ်မပေးတတ်ဘူးး..၊မြို့ထဲမှာ မင်းတို့ အင်တိတ်နှစ်ယောက်ကို...ငါတွေ့ခဲ့သေးတယ်.... ဘာလို့ပြန်မဝင်သေးတာလဲ မေးတော့ သူတို့က CQ တွေတဲ့..၊ Surprise Check မှာ တန်းစီစရာ မလိုလို့ ပြန်မဝင်သေးတာပါဆိုပြီးဖြေတယ်..."
CQ ဆိုသည်မှာ ဗိုလ်လောင်း စားရိပ်သာ တာဝန်ကျဗိုလ်လောင်းများဖြစ်ပြီး Surprise Check (တန်းစီ) တန်းစီစရာ မလိုပဲ ကင်းလွတ်ခွင့်ရှိပါသည်..။ ထို့ကြောင့် အချိန်မှီ Out pass ပြန်ဝင်ဝင် ၊မဝင်ဝင် ၊သူတို့အတွက်အရေးမကြီးလှပေ.....။
"အဲဒါမျိုးဆို ငါလက်ခံတယ်..သူတို့မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိတယ်..၊သူတို့ရဲ့ အကြောင်းပြချက်ဟာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ... သူတို့အတွက် ထိခိုက်သွားနိုင်လောက်တဲ့ အခြေအနေမျိုးမရှိတဲ့ အတွက် ငါလက်ခံလို့ရတယ်.. ၊မင်းတို့ကရော CQ တွေလား..."
"မဟုတ်ပါဘူး..."
"အေး.. CQ တွေ မဟုတ်တဲ့အပြင် မင်းတို့ရဲ့ အကြောင်းပြချက်ကလည်း မခိုင်လုံဘူး.. အရင်က လေးနာရီထိ Out pass ခဏခဏရနေရင်လည်း ထားတော့. .၊နှစ်စလောက်တုန်းက တစ်ခါလောက်ရဖူးရုံနဲ့ အခုလည်းရမယ်လို့ ထင်တဲ့ ဖြေရှင်းချက်ဟာ လက်ခံလို့ရတဲ့ ဖြေရှင်းချက်မျိုး မဟုတ်ဘူး..၊ ပြီးတော့ ဒီ Out pass နောက်ကျတဲ့ ကိစ္စဟာ မင်းတို့ကို ကောင်းကောင်းကြီး ထိခိုက်သွားစေနိုင်တယ်..၊ညနေက မင်းတို့တွေကို တန်းမစီခဲ့လို့သာ..တကယ်လို့များ တပ်ရင်းရုံးကနေသာ တန်းစီလူစစ်ခဲ့မယ် ဆိုရင် ခုချိန်ဆို မင်းတို့နှစ်ယောက် CAD , လိုင်းချုပ် တစ်ခုခု ထိနေလောက်ပြီ... "
ကိုဇေယျက သူတို့၏မျက်နှာတွေကို သေချာကြည့်ပြီး တစ်လုံးချင်းပြောနေသည်..၊သူတို့နှစ်ဦးမှာလည်း ကိုဇေယျစကားကို ကြောက်ရွံ့မှုကြောင့်ဟုဆိုရမည်ထက် တကယ့်ကို စိတ်ပါဝင်စားစွာဖြင့်သာ နားထောင်နေမိကြသည်...။
"မင်းတို့က "နောက်မှ ဖြစ်ချင်တာဖြစ်ပစေကွာ...နောက်မှကြည့်ရှင်းမယ်"ဆိုပြီးတော့ Out pass ကို အချိန်မှီ ပြန်မဝင်ခဲ့တာမျိုးလား..."
"မဟုတ်ပါဘူး..."
ပါးစပ်က မြန်မြန်ဖြေလိုက်ကြသလို စိတ်ထဲမှလည်း.. ထို့သို့သောစိတ်ဖြင့် လုပ်ခဲ့ခြင်း ဟုတ်မဟုတ် စိတ်ထဲမှ ပြန်စစ်ဆေးကြည့်မိသည်။ အမှန်ပင် သူတို့ နှစ်ယောက် ထို့ကဲ့သို့သော "နောင်ခါလာနောင်ဈေး.."ဟူသောစိတ်ဖြင့် ပြုလုပ်ခဲ့ကြခြင်း မဟုတ်ပါ...။ Out pass ညွှန်ကြားချက်ကိုတိတိကျကျနားမထောင်ခဲ့ခြင်းနှင့် အပြင်မှာလျှောက်လည်ရတာကိုပဲ ကျေနပ်နေမိသော စိတ်တို့ ပေါင်းစပ်ရာမှ ဖြစ်လာသော အကျိုးဆက်ပါပေ...။
"သေချာလား..."
ကိုဇေယျက သူတို့နှစ်ဦးကို စူးစူးစိုက်စိုက်ကြည့်ပြီး မေးလိုက်သည်..။
"သေချာပါတယ်..."
"ကဲ.. ဒါဆို ငါနောက်ဆုံးမေးမယ်ကွာ.. မင်းတို့ လေးနာရီကျော်အထိ Out pass ရတယ်လို့ ထင်နေရခြင်းရဲ့ အကြောင်းရင်းကိုခိုင်လုံအောင် ပြောပြ..၊ ပြောပြနိုင်ရင် မင်းတို့ကို အပြစ်ကနေ လုံးဝကင်းလွတ်ခွင့်ပေးမယ်..၊ မပြောနိုင်ရင်တော့ မင်းတို့ကို အပြစ်ပေးမယ်.."
မင်းခတို့နှစ်ယောက် ချွေးပျံရလေပြီ..၊ သူတို့ဖြစ်ခဲ့သည့် ပုံအတိုင်းဆိုပါလျှင် ဘယ်လိုမှ ခိုင်လုံအောင်ပြောပြနိုင်လိမ့်မည် မဟုတ်ဆိုတာ..
သေချာနေသည်ပဲလေ...။
"ပြောကြလေကွာ....."
"ဒီလိုပဲ... ကျွန်တော်တို့စိတ်ထဲက လေးနာရီအထိ Out pass ရတယ် ထင်နေမိတာရယ်..၊ အပြင်မှာတွေ့နေရတဲ့ final year တွေကို ကျွန်တော်တို့
နှစ်တွေ ထင်မိတာကြောင့်ပါပဲ..."
နောက်ဆုံးတော့ ဘယ်လိုမှ ရှောင်လွဲလို့မရသည့် အဖြေကိုပဲ ထပ်ဖြေလိုက်သည်..။ ဗိုလ်လောင်းတပ်ရင်းမှုး ကိုဇေယျ သေချာနားထောင်နေသည်။
"ကောင်းပြီလေ.... မင်းတို့အဖြေဟာ လက်ခံလို့ရတဲ့အဖြေ မဟုတ်ဘူး.. အဲဒါကို မင်းတို့ သိလား..."
"ဟုတ်... သိပါတယ်..."
နှစ်ယောက်သား မဆိုင်းမတွ မြန်မြန်ပင် ဖြေလိုက်ကြလေသည်..။
"ကောင်းပြီ... ဒီတော့ မင်းတို့ကို အပြစ်ပေးမယ်.. စာရွက်ပေါ်မှာ အပြစ်ပေးတာကို ခံမလား.. လက်တွေ့အပြစ်ပေးတာကို ခံမလား.."
ဤစကားကတော့ စီနီယာများ အပြစ်ပေးခါနီးတိုင်း မေးလေ့ရှိသော စကားပင်..။ ရုံးတင်ခံမလား၊ အအုပ်ခံမလားဟု မေးခြင်းပင်..။
ထို့သို့ အမေးခံရတိုင်းလည်း ဘယ်သောအခါမှ ရုံးအတင်ခံမည်ဟု ဆိုလေ့မရှိခဲ့ပေ..။ ရုံးတင်လျှင် CAD သို့မဟုတ် လိုင်းချုပ်တစ်ခုခု ကျပေလိမ့်မည်..၊ထိုအခါ CAD တစ်ရက် သုံးမှတ်၊ လိုင်းချုပ်တစ်ရက် ငါးမှတ်နှုန်းဖြင့် မိမိတို့၏ဗိုလ်လောင်းအမှတ်များကို ပေးဆပ်ရပေလိမ့်မည်..၊ ထိုမျှမက စာရွက်ပေါ်မှာကျန်ခဲ့သောထိုအပြစ်ဒဏ်သည် .. ကျောင်းဆင်းပြီး အရာရှိဖြစ်သည့်အချိန်အထိ တောက်လျှောက်ပါသွားပေတော့မည်..။ ထို့ကြောင့် ဗိုလ်လောင်းများသည်အပြစ်ဒဏ်ကို ဘဝဖြင့်မပေးဆပ်လိုကြ၊ ချွေးဖြင့်သာပေးဆပ်လိုကြသည်..။ တကယ်တော့ အပြစ်ပေးခါနီး ဤကဲ့သို့မေးခြင်းမှာ ဗိုလ်လောင်းများ၏ စိတ်ဓာတ်ကို တစ်နည်းတစ်ဖုံအားဖြင့် မြှင့်တင်ပေးခြင်းသာပင်..၊ ရုံးအတင်ခံမည်ဆိုပါက အပြစ်ဖောက်သူသည် လောလောဆယ်အားဖြင့် ဘာမှ မပင်ပန်း၊ချွေးမထွက်ပဲအေးဆေးသက်သာစွာဖြင့်သာ အမှတ်ဖြတ်ခံလိုက်ရုံပင်...။ သို့သော်.. ရေရှည်တွင်..... ကောင်းစရာ တစ်ကွက်မှ မရှိ..။
"လက်တွေ့ အပြစ်ပေးတာကို ခံပါ့မယ်.."
"ဟုတ်ပြီ.... ဟိုမှာထိုင်ခုံတွေယူပြီး Second year တစ်ယောက်ရဲ့ ပုံစံအတိုင်း နေလိုက်ကြတော့..."
ဒီလောက်ဆို သူတို့ သဘောပေါက်လိုက်ပါသည်..။ ထိုင်ခုံများကို ယူပြီး ထိုင်ခုံပေါ်ခြေထောက်တင်ကာ လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် ထောက်ထား
လိုက်ကြသည်..။ ဒီအတိုင်း လက်ဖဝါးဖြန့်ပြီး ထောက်သည်လား....? ဟင့်အင်း... မဟုတ်ပါ...၊ ဒီအတိုင်း လက်ဖဝါးဖြန့်နှင့် မှောက်ထားရလို့ကတော့ အချိန်ဘယ်လောက် ကြာကြာနေနိုင်ပါသည်..။ ပြောရမည်ဆိုလျှင် အိပ်ပြီးနေလို့တောင် ရပါသည်..၊ မယုံမရှိနှင့်.. ဗိုလ်လောင်းများ၏ စွမ်းရည်ရယ်ပါ..၊ယခုတော့ ဗိုလ်လောင်း Second year တစ်ယောက်၏ ပုံစံအတိုင်းဟု ဆိုလာသဖြင့် သစ္စာရှိစွာ ကြမ်းပြင်ပေါ်သို့ လက်သီးများထောက်လိုက်ကြသည်..။
ပထမထောက်ထောက်ချင်း... အေးဆေး..၊အေးဆေးမှ တကယ့်အေးဆေး..၊တဖြည်းဖြည်း အချိန်များ ကုန်လွန်လာသည်...။
ငါးမိနစ်.......၊
ဆယ်မိနစ်.....။
ဆယ့်ငါးမိနစ်......။
အချိန်ကြာလာသည်နှင့်အမျှ ထောက်ထားရသော လက်သီးက နာလာသည်...။ ကျိတ်မှိတ်ပြီး... ဆက်ထောက်ထားသည်..။
စစချင်းတုန်းက ငါးမိနစ်ကာလလောက်ကို အသာလေးဖြတ်ကျော်ခဲ့သော်လည်း အချိန်ကြာလာလေလေ လက်သီးထောက်ထားရသည့် အချိန်ကာလက
ရှည်လျားလွန်းလှသည်ဟု ထင်မိလေလေပင်..။ ရွေ့လျားသွားသော စက္ကန့်လေးများနှင့်အပြိုင် နာကျင်မှုက တိုးတိုးလို့လာသည်..။ တစ်ကိုယ်လုံး၏ အလေးချိန်ကို ပင့်တင်ထား ရသော ထိုလက်သီးလေး...၊ ထောက်ထားသူ၏ စိတ်ဓာတ်နှင့် ခံနိုင်ရည်အပေါ် မူတည်လို့သာ ဆက်လက်တည်မြဲ နေပေလိမ့်မည်..။
"တကယ်ဆိုရင် မင်းတို့အတွက် တန်ပါတယ်ကွာ... တပ်ရင်းရုံးကနေသာ လူစစ်တန်းစီခဲ့ရင် မင်းတို့ရလာမယ့် အပြစ်ဒဏ်နဲ့ အခုလက်ရှိ အပြစ်ဒဏ်နဲ့ဘယ်အပြစ် ဒဏ်က ပိုဆိုးသလဲဆိုတာ တွေးကြည့်ပေါ့...၊ တကယ်တော့ မင်းတို့က Out pass ညွှန်ကြားချက်ကိုတိတိကျကျမလိုက်နာပဲ ကိုထင်ရာလုပ်ခဲ့လို့..ခုလိုဖြစ်ရတာ...၊ ညွှန်ကြားချက် တစ်ခုကို တိတိကျကျ မလိုက်နာရင် ခုလို ခံရပါလား ဆိုတဲ့ အသိ မင်းတို့ဆီမှာ ရှိသွားခဲ့မယ်ဆိုရင်... အရာရာကိုအသေးအဖွဲ့ဆိုပြီး သဘောမထားတော့ပဲ သေသေချာချာ ဆန်းစစ်တတ်တဲ့ အသိဥာဏ်မျိုး မင်းတို့ရလာလိမ့်မယ်.. အဲဒီလို ရလာမှာနဲ့ စာရင် အခုလက်ရှိ မင်းတို့ခံစားနေရတဲ့ အပြစ်ဒဏ်က ချိုမြိန်နေပါလိမ့်မယ်ကွာ..."
ကိုဇေယျက စကားပြောနေရင်းမှ မျက်လုံးကလည်း သူအပြစ်ပေးထားသော လူနှစ်ယောက်ကို သေချာကြည့်နေသည်..။ သူတို့နှစ်ယောက်မှာ ကိုဇေယျ၏
စကားကို နားထောင်ရင်းမှ လက်မှနာကျင်မှုကို အံကြိတ်ခံထားကြရသည်..။ အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုက ပိုပိုတိုးလာသည်..။
ခန္စာကိုယ် တစ်ခုလုံး အပူကန်သလိုဖြစ်လာသည်...။ အေးချမ်းသော ညအချိန်မှာ မိုးသားတိမ်လိပ်များ အုံ့ဆိုင်းလာပြီး ငွေ့ရည်ဖွဲ့ကာ ရွာချတော့မည့် အသွင်ကဲ့သို့
ခံစားလိုက်ရသည်..။ အမှန်မှာ ငွေ့ရည်ဖွဲ့၊ မိုးရွာခြင်း မဟုတ်..၊ကိုယ်တွင်းမှ ကန်တက်လာသော အပူဓာတ်များကြောင့် ချွေးများစို့လာခြင်းသာ...၊ တဖြည်းဖြည်း စို့ထွက်
လာသော ချွေးများပေါင်းစပ်သွားမိကြပြီး.. ချွေးပေါက်များဖြစ်လာကြသည်...၊ ချွေးပေါက်သေးလေးမှ ချွေးပေါက်ကြီးများဖြစ်ကာ ကြမ်းပြင်ပေါ် ပေါက်ကနဲ ကျသွားသည်..။
မှောက်လျက်အနေထားဖြစ်သဖြင့် မျက်နှာမှ ကျသွားသော ချွေးစက်ကလေးကို ထင်ထင်ရှားရှားပင် မြင်တွေ့နေရသည်...။
နောက် တစ်စက်..။
နောက်ထပ် တစ်စက်..၊
နောက်ထပ် နောက်ထပ် တစ်စက်..။
ချွေးစက် လေးများ များလာသည်နှင့်အမျှ ထောက်ထားရသည့် လက်သီးကလည်း ဆတ်ဆတ်တုန်ခါလာသည်...။ မတုန်အောင် ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ပိုပြီး အားနှင့်ဖိတွန်းထားလိုက်သည်...၊ ခဏတော့ ငြိမ်သွားသလို...၊ မကြာပါ...။ ပြန်ပြီးတုန်လာပြန်သည်...။ အံကျိတ်ခံထားမှုကြောင့် လက်မှ နာကျင်မှုကလည်း ထုံပြီး
ဘာမှန်းကို မသိတော့..။ တစ်စက်ချင်း ကျနေသောချွေးစက်လေးများက အချင်းချင်း မိတ်ဖွဲ့သွားမိကြပြီး ချွေးမိသားစုအဖြစ် ချွေးပင်လယ်ကြီးကို ဖန်တီးလိုက်သည်..။
မြို့ထဲမှာ တစ်နာရီနီးပါးလောက်ပိုနေခဲ့ရတဲ့ ကာလနှင့် အခုအချိန်ကာလကို ချိန်ထိုးနှိုင်းယှဉ်ကြည့်ပါက ဘယ်အရသာက ချိုမြိန်သလဲဆိုတာ သူတို့နှစ်ဦး ကောင်းကောင်း
ကြီး သဘောပေါက်သွားကြလေပြီ...။
မြို့ထဲမှာ တစ်နာရီနီးပါးမျှ ပိုနေနိုင်ရေးအတွက် ယခုကဲ့သို့သော အပြစ်ဒဏ်ကို ခံစားနေရသည် ဆိုပါက မည်သူက ယုံနိုင်ပါအံ့နည်း..။
နဖူးမှ စီးကျလာသော ချွေးစက်က မျက်ခုံးကိုဖြတ်ကျော်ကာ မျက်လုံးထဲသို့ တချို့တဝက် အလုအယက်ဝင်သွားကြသည်..၊ မျက်တောင်ခပ်တားဆီးလိုက်သော်ငြား
အချိန်မမှီလိုက်..။.. ကြည့်ရတာ ဝိုးတဝါးဖြစ်သွားသည်...၊ ချွေးစက်တွေလည်း ဝိုးတဝါး၊ ကြမ်းပြင်ကြီးလည်း ဝိုးတဝါး၊ ထောက်ထားသည့် လက်သီးလည်း ဝိုးတဝါး..၊
ဘာမှ မပီသတော့... ရှင်း၇ှင်းလင်းလင်း မရှိတော့..။ ဗိုလ်လောင်းဘဝ၏ အနှစ်သာရ.. အပြည့်ဝဆုံးသော အချိန်လေးပါပေ.....။
"တန်း...ထ"
ချိုမြန်လိုက်တဲ့ စကားသံလေး..၊ နားဝင်ပီယံဖြစ်လွန်းလှတဲ့ အသံလေး...၊ နှစ်နှစ်ကာကာချစ်ရပါသည်ဆိုသော.. ချစ်သူကောင်မလေး၏ အသံထက်တောင် အဆ
ရာထောင်မက ချိုသာလွန်းပြီး နားထောင်ကောင်းလွန်းလှသည့် အသံလေးရယ်ပါ....။
တပ်ရင်းမှုး ကိုဇေယျ၏ တန်းထ ခိုင်းသည့် အမိန့်ထွက်လာသော်ငြား... သူတို့နှစ်ဦးမှာ တော်တော်နှင့် မထနိုင်ကြ...။ တင်ထားသော ထိုင်ခုံပေါ်မှ ခြေထောက်ကို
တစ်ဖက်ချင်း အသာလေး ကြမ်းပြင်ပေါ်ချပြီးမှ ထောက်ထားသော လက်သီးကို ဖြည်းဖြည်းချင်း ဖြေရသည်..။ ပေါ်လစ်ဆီများ သုတ်ထားသော သစ်သား ကြမ်းပြင်ဖြစ်သဖြင့်
အားနှင့်ဖိထားသော လက်သီးလေးများက ကပ်နေသေးလေရာ ဆွဲခွာသောအခါ နာလိုက်သည်မှာ ဆိုဖွယ်ရာ မရှိ..။
မတ်တပ်ရပ်ပြီး သတိဆွဲလိုက်ကြသည်..။ သို့သော်.. မှောက်ထားတုန်းက ဆန့်ထားရသောခါးက ညောင်းပြီးကိုက်နေရာ သူတို့၏ သတိပုံစံမှာ.. မတ်မတ်ရပ်ရပ် မရှိ၊
ကုပ်ကုပ်ကိုင်းကိုင်းဖြစ်နေလေသည်..။ ဘာပဲပြောပြော အပြစ်တစ်ခု အတွက် ပေးဆပ်လို့တော့ ပြီးသွားလေပြီ...။
"ရော့...တဘက်... ချွေးတွေသုတ်လိုက်ကြဦး..."
ကိုဇေယျမှ တဘက်တစ်ထည်လှမ်းပေးပြီး ချွေးသုတ်ခိုင်းသည်...။ထို့နောက် ဖရိုဖရဲဖြစ်နေသာ တိုက်ပုံနှင့် ပုဆိုးများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ခိုင်းသည်..။
"ကဲ... အေးဆေး သက်သာပဲ နေကြ..၊ အခုဆို ညီတို့ကို အပြစ်ပေးတာ မိနစ်သုံးဆယ်ပဲရှိတယ်.. ညီတို့ရဲ့ အပြစ်တွေကို မိနစ်သုံးဆယ်နဲ့ ချေဖျက်ပြီးပီ....
နောက်ထပ်လည်း ဒီလိုမဖြစ်စေတော့နဲ့... ညီတို့ကို ခုလိုအပြစ်ပေးတာဟာ မုန်းလို့လည်း မဟုတ်ဘူး၊ အငြိုးအတေးတွေ ရှိလို့လည်း မဟုတ်ဘူး.. အပြစ်ရှိလို့ အပြစ်ပေးတာ.. သဘောပေါက်လား... "
"ဟုတ်... ပေါက်ပါတယ်..."
"အေး..အေး.. ကဲ.. မီးပိတ်ချိန် ဆယ်နာရီလည်းရောက်တော့မယ်..ကိုယ့်အဆောင်ကိုယ်ပြန်ပြီး အေးအေးဆေးဆေးအနားယူကြတော့ .."
"ဟုတ်..."
ဗိုလ်လောင်းတပ်ရင်းမှုးအခန်းမှ သူတို့ပြန်လာတော့ တကိုယ်လုံးပေါ့ပါးနေသလို ပင်..။ ညဥ့်လေအေးလေးကလည်း တသုန်သုန်တိုက်ဖြူးနေလေရာ.. သူမတူအောင်
ထူးခြားသည့် အရသာလေးကို ခံစားနေရသည်..။ ဤသည်မှာ အပြစ်ပေးခံရပြီးတိုင်း ဗိုလ်လောင်းတိုင်းခံစားရသည့် အမည်ဖော်ပြခြင်းငှာ မစွမ်းနိုင်သည့်အရသာလေးများရယ်ပါ..။
ဘာပဲပြောပြော... အသေးအဖွဲ့ကို သတိမထားပဲ ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာရမည်ဆို သည့် အသိကတော့ သူတို့နှစ်ဦး၏ ရင်ထဲမှာ ကိန်းအောင်းခဲ့လေပြီ...။
ထိုအသိနှင့်ထပ်တူ စီနီယာဆိုသော မာနဖြင့် အပြစ်ပေးချင်သလိုပေးမည်ဟု စိတ်ထဲမထားပဲ.. ဂျုနီယာငယ်သားများ၏ ဖြေ၇ှင်းတုံ့ပြန်မှုကို အရေးတယူနားထောင်ပြီး
တော်တည့်မျှတစွာ ကောင်းစေချင်သည့် စေတနာနှင့်သာ အပြစ်ပေးဆုံးမခဲ့သော ဗိုလ်လောင်းတပ်ရင်းမှုးကို လေးစားမှုနှင့်အတူ အမှတ်ရနေမည်သာ ဖြစ်ပါသည်..။
အားပါးတရ ရှူသွင်းလိုက်သည့် ညဥ့်လေနုအေးလေးက ခန္စာကိုယ်ထဲ... စီးမျှောဝင်ရောက်သွား သည်..။ လမ်းမီးတိုင်များ၏ အရောင်မိန်ပျပျသာ လင်းနေသည့် ဝန်းကျင်
တစ်ခွင်တွင် ပန်းရနံ့လေးများက လူးလွန့် လွင့်မျှောလျက်.....။ အေးမြမြ ပတ်ဝန်းကျင်က နှစ်သက်ကြိုက်မက်စရာ....။
ဗိုလ်လောင်းများ၏ အနာဂတ်သည်လည်း.. လေနုအေးနှင့်အပြိုင်..လတ်ဆတ်ဆဲ....၊
ပန်းရနံ့များနှင့် အပြိုင်.. မွှေးထုံ.. သင်းပျံမြဲ.....၊
ညဥ့်ချမ်းအခါနှင့် အပြိုင် အေးမြ သာယာလျက် ရှိဆဲ..သာပင်..။
မင်းခ
0 comments:
Post a Comment